CNI International News

ဝင်ဆာ၊ ဖေဖော်ဝါရီ ၁၄

Covid-19 ကန့်သတ်ချက်များအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲများကြောင့် ရက်သတ္တတစ်ပတ်နီးပါး ပိတ်ဆို့နေခဲ့သည့် အစည် ကားဆုံးနှင့် အရေးပါသော အမေရိကန်-ကနေဒါ နယ်စပ်ဖြတ်ကျော်တံတားကို ဖေဖော်ဝါရီ ၁၃ ရက်နှောင်းပိုင်းက ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး တစ်ချိန်တည်းမှာပင် မြို့တော်အော်တဝါ၌ ဖြစ်ပွားခဲ့သည့်သော ဆန္ဒပြပွဲများကိုလည်း ကနေဒါ အာဏာပိုင်များက ဆက်လက် ရှင်းလင်းနေသည်။

ဒက်ထရွိုက် နိုင်ငံတကာတံတားကုမ္ပဏီက ထုတ်ပြန်ချက် တစ်စောင်ဖြန့်ဝေခဲ့ရာ “သံအမတ်ကြီးတံတားပေါ်၌ ကနေဒါနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအကြား လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသွားလာခြင်းကို တဖန်ပြန်လည် ခွင့်ပြုနေပြီ ဖြစ်ကြောင်း” ရေးသားဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ အက်စသာဂျန့်ဇန်က ၎င်းတံတားကို ဖေဖော်ဝါရီ ၁၃ ရက်၊ ည ၁၁ နာရီတွင် ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဟု အေပီသတင်းဌာနသို့ နောက်ပိုင်းတွင် စာပေးပို့၍ အသိပေးခဲ့ သည်။

တံတားပေါ် ဖြတ်ကျော်၍ ကူးသန်းသွားလာမှုမှာ ပုံမှန်အားဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏာအားလုံး၏ ၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ ကနေဒါဘက်ခြမ်းတွင် ပိတ်ဆို့ထား၍ နှစ်နိုင်ငံစလုံး၏ စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေပြီး မော်တော်ယာဉ် ထုတ်လုပ်သည့်စက်ရုံ အများအပြား ပိတ်ခဲ့ရကြောင်း အေပီသတင်းဌာနက ဆက်လက်ရေးသားထားသည်။

ကနေဒါနိုင်ငံသားများ ဆန္ဒပြနေကြစဉ်(AP)

ထိုဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သူ ဆယ်ဂဏန်းခန့်ကို ငြိမ်းချမ်းစွာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့အောင် ရပ်တန့်ထား သည့် မော်တော်ယာဉ် ၇ စီးကို ဆွဲယူဖယ်ရှားခဲ့ကြောင်း၊ တံတားအနီး နောက်ဆုံး ဆန္ဒပြမှုများကို ရှင်းလင်းခဲ့ရာ လူ ၅ ဦးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း အွန်တေရီယိုပြည်နယ်၊ ဝင်ဆာမြို့ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြို့တော်အော်တဝါ၌ ဆန္ဒပြမှုများမှာ မြို့လယ်တွင် ရပ်တန့်သွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများအပေါ် မြို့ခံပြည်သူများ ဒေါသထွက်ခဲ့ကြရာ ဖေဖော်ဝါရီ ၁၃ ရက် နှောင်းပိုင်း ကျင်းပနေသည့် အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးတွင် သဘာပတိလုပ်နေသူ ဝန်ကြီးချုပ် ဂျက်စတင်ဒရူဒိုးထံသို့ ဖိအားများ စုပုံကျလာခဲ့သည်။

ဒရူဒိုးသည် ကနေဒါနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနှင့် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်ပိုင်း တွေ့ဆုံရန် စီစဉ်ထားကြောင်း အမည်မဖော်လိုသူ အစိုးရထိပ်တန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတခွင်တွင် ထိုသို့ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည့်နည်းတူ ပြင်သစ်၊ နယူးဇီလန်နှင့် နယ်သာလန်နိုင်ငံတွင်လည်း ယာဉ်တန်းများ ပိတ်ဆို့စေခြင်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ နှင်းမုန်တိုင်းများ ထူထပ်နေစဉ်အတွင်း ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး သံအမတ်ကြီးတံတားမှာ ရက်အတန်ကြာ ပိတ်ဆို့နေခဲ့သည်။

Source: AP