CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ မတက်ရောက်နိုင်းခြင်းအတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က တောင်းပန်စာ ပို့ထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့ မတက်ဖြစ်တဲ့ဟာကို တောင်းပန်စာ ပို့လိုက်တယ်လို့ ကျနော်သိရတယ်၊ သူတို့ တောင်းပန်စာ ပို့ပြီးတော့မှ ကျနော်က ဆက်ဆံရေးရုံးပဲသွားပါ၊ တခြားလူတွေလည်း ဆက်ဆံရေးရုံး သွားတာပဲလို့ ပြောတော့ သူတို့က စာပို့ ပြီး နေပြီ၊ စာပို့ပြီးနေတော့ အခုပဲ ပြန်သွားတော့ မကောင်းဘူးပါ့လေ၊ ဒါနဲ့ သူတို့က မသွားဖြစ်တာ”ဟု ပြောသည်။
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့်အတူ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ တက်ရောက်ရန် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ် မရေးထိုးရသေးသော လက်နက်ကိုင်အဖွဲ့များကို နစက-က ဖေဖော်ဝါရီ ၆ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။
PNLO အနေဖြင့် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ရန် ပြင်ဆင်ခဲ့ပြီး တက်ရောက်မည့် ပုဂ္ဂိုလ်တွင် ကိုဗစ် -၁၉ ရောဂါ လက္ခဏာ တွေ့ရှိရသည့်အတွက် မတက်ရောက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
NSPNC နှင့် လက်နက်ကိုင်တချို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က အလွတ်သဘောဆွေးနွေးနေစဉ်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တက်ရောက်ဖို့ ကြိုးစားသော်လည်း မအောင်မြင် ဖြစ်သွားတယ်ဗျ၊ သူတို့ ဆန္ဒပြတဲ့ သဘောတော့ မဟုတ်ပါဘူး။ တက်ဖို့ ပြင်ဆင်တယ်၊ ဒါပေမယ့် သွားမယ့်လူက ရောဂါဖြစ်သွားတော့ မသွားဖြစ်လိုက်ဘူး၊ ကျနော် အဲဒီလိုပဲ သတင်းရပါတယ်၊ အဲဒီတစ်ယောက်က တွဲဖက်အတွင်းရေးမှူး (၁) ခွန်ထွန်းတင်ကို လွတ်ဖို့ သူက သွားခါနီးမှ ရောဂါလက္ခဏာ ရှိတာနဲ့ မသွားဖြစ်ဘူး။ အတွင်းရေးမှူးချုပ်ကတော့ တောထဲမှာ အလုပ်ရှုပ်နေတာနဲ့ မသွားဖြစ်ဘူး။ ဥက္ကဋ္ဌ ကိုယ်တိုင်ကတော့ မသွားဘူး နဂိုကတည်းက၊ အဲဒီလိုနဲ့ ကိုယ်စားလှယ်မရောက်တာ သူတို့ကြိုးစားပါတယ်၊ မရောက်ဘူး”ဟု ပြောသည်။
ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် PNLO တို့ တက် ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနတွင် NSPNC ၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA) တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် NSPNC သည် RCSS နှင့်လည်းကောင်း၊ ALP နှင့်လည်းကောင်း၊ ULA နှင့်လည်းကောင်း၊ DKBA- KNU/KNLA-PC တို့နှင့်လည်းကောင်း၊ NMSP- LDU တို့နှင့်လည်းကောင်း အလွတ်သဘော သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ သည်။