CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် အမြန်ဆုံးအရေးယူနိုင်မည့် နည်းလမ်းများရှာဖွေရန် ကုလသဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် နယူးယောက်မြို့ ကုလသမဂ္ဂ အဆောက်အဦ၌ ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် (Counter-Terrorism Committee Executive Directorate-CTED) ရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
တပ်မတော်မှ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရန်နှင့် ထိုအကြမ်းဖက်မှုများကို အမြန်ဆုံး အရေးယူနိုင်မည့် နည်းလမ်းများ ရှာဖွေရန် မေတ္တာရပ်ခံကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအရေး ဆောင်ရွက်နေသည့် ကုလသမဂ္ဂ အပါအဝင် အာဆီယံ သဘောတူညီချက် လမ်းကြောင်းများ သည် နှစ်ဖက် စေ့စပ်ဆွေးနွေးမှုကို ပြုလုပ်နိုင်ခြင်း မရှိသေးသည့်အတွက် တိုးတက်မှုမရှိသေးဘူးဟု သုံးသပ်၍ရနိုင်ကြောင်း၊ နိုင်ငံတကာဖိအား ပိုများလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။
လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် ဒီမိုကရေစီရေးတောင်းဆိုသူများ
ဦးရဲထွန်းက “အမေရိကန်ကတော့ သူ့ကွန်ဂရက် လွှတ်တော်တို့ ဘာတို့မှာလည်း ဥပဒေတွေ ဘာတွေ ထုတ်ထားပြီးတော့ ဖိအားကတော့ အတတ်နိုင်ဆုံး အပြင်းထန်ဆုံး ဖိအားပေးတာ ပိတ်ဆို့တာတွေ လုပ်မှာပေါ့နော်၊ သူတို့ကတော့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်တာ မလုပ်ဘူးဆိုတာကိုလည်း တစ်ဖက်က ပြောထားပေမယ့်၊ အခြားတစ်ဖက်က စီးပွားရေးအရ၊ လူ ပုဂ္ဂိုလ် တစ်ဦးချင်းအရ ပစ်မှတ်ထားပြီးတော့ ဆန်ရှင်လုပ်တာတွေ၊ အဲဒါတွေကတော့ ဆက်လုပ်မှာပဲလေ၊ အတတ်နိုင်ဆုံး အကျပ်အတည်းဆုံး ဖြစ်အောင်လုပ်မှာပေါ့နော်။ အခက်အခဲ တွေ့အောင်လုပ်မှာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူနိုင်ငံသူ မစ္စနိုလင်းဟေဇာကို ခန့်အပ်ကာ မြန်မာနိုင်ငံအရေး ဆွေးနွေးနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့်လည်း မြန်မာနိုင်ငံတွင်းမှ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူ ဆောင်ရွက်ပေးရန်၊ NUG ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုပေးရန်၊ တပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာပေးရန် စသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆိုထားသည်။
လာမည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နစက အနေဖြင့် ဝန်ကြီးအဆင့် တက်ရောက်ခွင့်မရဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သူသာ တက်ရောက်ခွင့် ရရှိခဲ့သည်။
ထို့ကြောင့် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုအာဆီယံ အစည်းအဝေးကို တန်းတူရည်တူ ပါဝင်ခွင့် မရသည့် အတွက် အစည်းအဝေး တက်ရောက်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် နစကနှင့် NUG ကြား နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေးရာ အားပြိုင်နေကြသည်။