CNI International News

အက်ရှ်ဂါဘတ်၊ ဖေဖော်ဝါရီ ၁၅

အာရှအလယ်ပိုင်းတွင် တည်ရှိသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၌ အာဏာရှင်ခေါင်းဆောင်၏သားဖြစ်သူသည် ရှေ့လ အစောပိုင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကြွယ်ဝ သည့် ၎င်းနိုင်ငံအတွက် နိုင်ငံရေးအရ အာဏာရှင်မျိုးဆက်အုတ်မြစ်ချမည့်အလားအလာတစ်ခုဟု ဆိုနိုင်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အသက် ၆၄ နှစ်ရှိ သမ္မတ ဂါဘန်ဂူလေ ဘာဒီမူကာမက်ဒေါ့ဗ်က ၎င်း၏သားဖြစ်သူ ဆာဒါ (Serdar) ကို မိမိ အရိုက် အရာဆက်ဆံမည့်မျိုးဆက်သစ်တစ်ဦးအဖြစ်သတ်မှတ်၍ မိမိအာဏာစွန့်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။

တာ့ခ်မင်နစ္စတန်နိုင်ငံ၏ ဒီမိုကရက်တစ်ပါတီမှ ဆာဒါကို ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ ၎င်းသည် ဖခင်အရှိန်အဝါဖြင့် အစိုးရရာထူးကြီးများ ဆက်တိုက်တက်လာခဲ့ပြီး နောက် ယခုအခါ အစိုးရအဖွဲ့၏ ဒုတိယအကြီးဆုံးခေါင်းဆောင်နေရာသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ရှေ့ဆက်သွားမည့် နိုင်ငံရေးအစီအစဉ်များကို လာမည့်မတ်လ ၁၂ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး မဲခွဲဆုံးဖြတ် ကြမည်ဖြစ်သည်။ ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့ဖူးပြီး ဆိုဗီယက်ခေတ်လွန်ကာလ၌ တာ့ခ်မင်နစ္စတန် သည် မည်သည့်ရွေးကောက်ပွဲကိုမှ စစ်မှန်စွာ ယှဉ်ပြိုင်စေခဲ့ခြင်းမျိုး မတွေ့ရသေးကြောင်း အေပီ သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဘာဒီမူကာမက်ဒေါ့ဗ်၏ သားဖြစ်သူဆာဒါ (Serdar)

ယခုရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ကိုယ်စားလှယ်လောင်း ၈ ဦးသည် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကျင်းပစဉ်က လက်ရှိသမ္မတ ဘာဒီမူကာမက်ဒေါ့ဗ်ကို ဆန့်ကျင်ခဲ့ကြဖူးသော်လည်း မဲဆန္ဒရှင် အားလုံးကတော့ ၎င်းအစိုးရဆက်လက်တည်ရှိမှုကို ထောက်ခံခဲ့ကြသဖြင့် ၎င်းအတွက် စုစုပေါင်းမဲအရေအတွက်၏ ၉၇ ရာခိုင်နှုန်းကျော်အထိ အံ့မခမ်းရရှိခဲ့သည်။

တာ့ခ်မင်နစ္စတန်နိုင်ငံသည် ၎င်း၏ကြီးမားသောသဘာဝဓာတ်ငွေ့သိုက်များအပေါ်တွင်သာ တိုင်းပြည်၏ အဓိက စီးပွားရေးအဖြစ် အားပြုမှီခိုနေရသဖြင့် ဝင်ငွေလည်ပတ်ခွဲဝေနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။

ဘာဒီမူကာမက်ဒေါ့ဗ်သည် စက်ဘီးစီးပြခြင်း၊ ရွှေရောင်အလေးမသည့်တန်းကို ကိုင်ပြခြင်း၊ ပစ်မှတ်ထိအောင် ပစ္စတိုသေနတ်ကျင့်ပြခြင်းတို့ဖြင့် ၎င်း၏ကျန်းမာရေးနှင့် ကိုယ်လက်ကြံ့ခိုင်မှုများကို မီဒီယာစတန့်အဖြစ် ထုတ်ပြ လေ့ရှိပြီး ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခုပ်ဩဘာများ ပေးရသည်။

Source: AP