CNI International News

ကဘူးလ်၊ဖေဖော်ဝါရီ ၁၅

9/11 အရေးအခင်းတွင် ထိခိုက်(သေဆုံး) နစ်နာခဲ့ရသူများ၏ မိသားစုများအတွက် အမေရိကန် သိမ်းဆည်းထား သော အာဖဂန်ပိုင်ဆိုင်မှုဒေါ်လာ ၃ဒသမ၅ ဘီလီယံကို ဆုပ်ကိုင်ထားခြင်းအား ဖြေလျော့၍ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း အာဖဂန်နစ္စတန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

9/11 အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့ရသူများ၏ထောင်နှင့်ချီမိသားစုများအတွက် ယခင်သီတင်းပတ်၌ သမ္မတ ဂျိုးဘိုင်ဒန်အမိန့်ကို ပြန်ရုပ်သိမ်းပေးရန် ဟာမစ်ကာဇိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အာဖဂန်ပြည်သူများသည် အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်၏သားကောင်များဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်၌ ဂျိုးဘိုင်ဒန်၏ပြောကြားချက်မှာ တရားမျှတမှုမရှိကြောင်း ဟာမစ်ကာဇိုင်းက စောဒက တက်ခဲ့သည်။

ဘင်လာဒင်ကို ၁၉၉၆ ခုနှစ်တွင် ဆူဒန်နိုင်ငံမှ နှင်ထုတ်ခဲ့ပြီးနောက် အာဖဂန်စစ်ရေးလိုလားသူတစ်စုက အာဖဂန် နစ္စတန်မြေပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ အဆိုပါစစ်ရေးလိုလားသူများသည် ၂၀၀၁ ခုနှစ်တွင်တော့ တာလီဘန် တို့ကို ဖြုတ်ချနိုင်ဖို့ နောက်ပိုင်းမှာ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် မဟာမိတ်ဖွဲ့ခဲ့ကြသည်။

သို့သော် တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာက ဘင်လာဒင်ကို အမေရိကန်လက်သို့ လွှဲပြောင်းပေးရန် အပြင်းအထန် ငြင်းဆန်ခဲ့၍ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအပြီး လူထောင်နှင့်ချီ၍ သေဆုံးသွားခဲ့သည်။

“အာဖဂန်ပြည်သူတွေဟာ အမေရိကန်ပြည်သူတွေရဲ့နာကျင်မှုကို မျှဝေခံစားခဲ့ကြပါတယ်။ စက်တင်ဘာ ၁၁ ရက် အဖြစ်ဆိုးကြီးမှာ ရေတိမ်နစ်ခဲ့ရတဲ့မိသားစုတွေနဲ့ ချစ်ခင်ရသူတွေအတွက် အာဖဂန်လူမျိုးတွေ မျှဝေခံစားခဲ့ ကြတာပါ” ဟု ကာဇိုင်းက ပြောကြားခဲ့သည်။

“အဲဒီတုန်းက အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေနဲ့ ကျနော်တို့အာဖဂန်ပြည်သူတွေ ခံစားရတာချင်း အတူတူဖြစ်တဲ့ သားကောင်တွေပါပဲ။ အာဖဂန်ပြည်သူတွေဆီက သူတို့နာမည်နဲ့ငွေကြေးတွေကို ဆုပ်ကိုင်ထားတာဟာ တရား မျှတမှုမရှိသလို အာဖဂန်ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်ရာလည်း ရောက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

9/11 ထိခိုက်နစ်နာခဲ့သူများနှင့်အာဖဂန်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ပိုင်းခြား ထားရန် အမေရိကန်က လက်ရှိဆုပ်ကိုင်ထားသော အာဖဂန်ပိုင်ငွေကြေး ဒေါ်လာ ၇ ဘီလီယံအတွက် အမိန့်အား ဖေဖော်ဝါရီ ၁၂ ရက်၌ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

9/11 သားကောင်များနှင့်၎င်းတို့မိသားစုများအတွက် ဒေါ်လာ ၇ ဘီလီယံကို တာလီဘန်တို့နှင့်ဆန့်ကျင်လျက် အမေရိကန်ဘဏ်လုပ်ငန်းစနစ်ထဲတွင် တရားဝင် ထားရှိဆဲဖြစ်သည်။ ထိုအထဲမှ ဒေါ်လာ ၃ဒသမ၅ ဘီလီယံကို 9/11 သားကောင်မိသားစုများ၏တောင်းဆိုချက်များကို ဖြေရှင်းရန်အလို့ငှာ သုံးစွဲနိုင်ခြင်းရှိ/မရှိ အမေရိကန် တရားရုံးတစ်ရုံးက ဆုံးဖြတ်ပေးဖို့ ဖယ်ချန်ထားခဲ့သည်။ လူသားချင်းစာနာမှုအကူအညီငွေကြေး ပေးအပ်ရန် ထုတ်ပြန်ချက်မတိုင်မီ အမေရိကန်တရားရုံးတစ်ရုံးက လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။

“ဒီလို အာဖဂန်ငွေတွေကို အာဖဂန်ပြည်သူလက်ထဲ ပြန်ထည့်ပေးဖို့ အမေရိကန်တရားရုံးတွေကို ကျနော် တောင်း ဆိုပါတယ်။ ဒီငွေတွေဟာ ဘယ်အစိုးရနဲ့မှ မဆိုင်ပါဘူး။ ပိုင်ရှင်က အာဖဂန်ပြည်သူတွေပဲဖြစ်ပါတယ်” ဟု ကာဇိုင်း က အတိအလင်းပြောကြားခဲ့သည်။

ဘိုင်ဒန်၏အမိန့်အရ လူသားချင်းစာနာမှုအကူအညီအတွက် ခွဲဝေပေးရန် ဖယ်ချန်ထားသည့် ဒေါ်လာ ၃ဒသမ၅ ဘီလီယံကို တာလီဘန်ခေါင်းဆောင်များကို ကျော်လွှားပြီး အာဖဂန်ပြည်သူများလက်ဝယ်သို့ ယုံကြည်စိတ်ချစွာ ကူညီဖို့ ကာဇိုင်းက တောင်းဆိုခဲ့သည်။

Source: AP