CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
(၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့တွင် မိမိတို့၏ လုပ်ငန်းခွင်များ၊ စာသင်ကျောင်းများ၊ ရုံးများ မတက် ရောက်ကြရန်နှင့် အလုပ်ပိတ်ရက်သတ်မှတ်ရန် ပြည်တွင်းပြည်ပရှိ မွန်လူထုတစ်ရပ်လုံးကို မွန်ပြည်သစ်ပါတီ (NMSP) က တိုက်တွန်းထားသည်။
လာမည့် ဖေဖော်ဝါရီ ၁၆ ရက်သည် စိန်ရတုမွန်အမျိုးသားနေ့ဖြစ်ပြီး ယင်းနေ့ကို အစိုးရ ရုံးပိတ်ရက် သတ်မှတ် ပေးရန် မွန်လူမျိုးစုများမှ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြောင်း မွန်လူငယ်တစ်ဦးဖြစ်သူ မင်းဇာနည်ဦးက CNI သတင်းဌာန သို့ ပြောသည်။
“ဒီတောင်းဆိုမှုက ကြာပြီလေ ရုံးပိတ်ရက်အနေနဲ့သတ်မှတ်ပေးဖို့က ဒီနှစ်မှ မဟုတ်ဘူး။ ခေတ်အဆက်ဆက်ပေါ့ ဒါမျိုးက တောင်းဆိုလာတာလည်း ရှိပါတယ်။ ဒါက နေ့ထူးနေ့မြတ်အနေနဲ့ မွန်ဒေသမှာရှိတဲ့ မွန်မြို့တွေ၊ မွန်ရွာ တွေ ဒါမျိုးက တောင်းဆိုမှုတွေ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်က မွန်လူမျိုးတွေ တောင်းဆိုထားတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် NMSP အပါအဝင် မွန်သံဃာတော်အဖွဲ့အစည်းများ၊ အရပ် ဖက် မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်လူထုများက အစိုးရအဆက်ဆက်ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယင်းတောင်းဆိုမှုကို အသိအမှတ်ပြုပေးခြင်း မရှိခဲ့သည့်အတွက် မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိရ မည်ဆိုသည့်အတိုင်း မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် မိမိတို့အသိစိတ်ဓါတ်နှင့် ထုတ်ဖော်သွားကြရန် NMSP က ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
မင်းဇာနည်ဦးက “အမှန်မှာက တိုင်းရင်းသားလူမျိုးတစ်မျိုးတွေရဲ့ သူ့ရဲ့ အမျိုးသားရေးလက္ခဏာလို့ပဲ ပြော ပြောပေါ့။ လူမျိုးတစ်မျိုးရဲ့ ဂုဏ်အင်လက္ခဏာလို့ပဲ ပြောပြော သူက သူ့လူမျိုးတိုင်း ကိုယ်စီရှိနေကြတာ။ အမှန်မှာ ဒီ မွန်အမျိုးသားနေ့ဟာ ဒီ လူမျိုးတစ်မျိုးနဲ့ ပတ်သက်တဲ့ ဂုဏ်အင်လက္ခဏာပေါ့။ အမျိုးသားရေးစိတ်ဓါတ်ကို နိုးကြားစေတဲ့ နေ့ထူးနေ့မြတ်ပေါ့။ မွန်တစ်မျိုးသားလုံးကို အဖိုးမဖြတ်နိုင်တဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျနော်တို့ ကျင်းပနေကြတာပေါ့။ ဒါတွေကို ဒီ မွန်လူမျိုးတင်မဟုတ်ဘူး နောက်တခြားလူမျိုးတွေ အစိုးရအဆက်ဆက်တွေ သိပါတယ်၊ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့က မွန်အမျိုးသားနေ့ တခြားလူမျိုးတွေလည်း သိပါတယ်၊ မွန်တွေရဲ့ နေ့ထူးနေ့မြတ် အဲဒါကြောင့် အဓိကတော့ မွန်အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အနေနဲ့ ရသင့်ရထိုက်တာ ပေါ့” ဟု ပြောသည်။
မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုပေးစေလိုကြောင်း၊ မိမိတို့၏ တောင်းဆိုချက်မှာ ယနေ့အချိန်အထိ ဖြစ်မလာသေးကြောင်း မင်းဇာနည်ဦးက ဆက်ပြောသည်။
နှစ်စဥ်တပို့တွဲလပြည့်ကျော် (၁) ရက်သည် မွန်အမျိုးသားနေ့ဖြစ်ပြီး မွန်လူမျိုးများရှိသည့် နေရာဒေသ အသီးသီး တွင် အခမ်းအနားကျင်းပသွားမှာဖြစ်သလို NMSP ထိန်းချုပ်နယ်မြေတွင်လည်း မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရသည်။