CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မိမိတို့အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)တွင် နစက၏ လက်အောက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ခြင်း၊ ရာသီဥတုပြင်းထန်ခြင်း၊စိုက်ပျိုးမြေရှားပါးခြင်းစသည့် အခက်အခဲ များရှိပြီး သစ်တောနှင့်သယံဇာတ ထွက်ရှိမှုမှာလည်း နည်းပါးကြောင်း၊ အလားတူ ကယားပြည်နယ်သည်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး သယံဇာတအနည်းငယ်ထွက်ရှိသော်လည်း အခြား ပြည်နယ် များနှင့်နှိုင်းယှဉ်ပါက ခက်ခဲမှုများရှိ နေဆဲ ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု များကြောင့် ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များ၌ ခက်ခဲမှုများရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထိုသို့ အခက်အခဲများရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “ကျန်ရှိသည့်တိုင်ဒေသကြီးနှင့်ပြည်နယ်များသည် ရေခံမြေခံ ကောင်းမွန်သဖြင့် ဒေသအလိုက် ကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေး ဆောင်ရွက်ပေး သွားမည်”ဟု ပြောသည်။
ပြည်နယ်များတွင် ပညာရေး အားနည်းခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်အားနည်းနေခြင်းကြောင့် ပြည်နယ်များ၏ ပညာ ရည်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း မြှင့်တင်ပေးရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နစက၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည်သာယာဝပြေမှုရှိရန်၊ စားနပ်ရိက္ခာပေါများရန် ဦးစား ပေး လုပ်ဆောင်နေကြောင်း၊ ဒုတိယအချက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်တည်ဆောက်ရန်၊ ဒီမိုက ရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ တတိယအချက်မှာ နိုင်ငံ၏ ဓနအင်အားတိုးတက်လာချိန် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် စွမ်း အားရှိသည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်တို့သည် အဆင်းရဲဆုံး ပြည်နယ်များ ထဲမှာ ပါဝင်ကြသည်။
လက်ရှိတွင်လည်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး ဒေသခံများ နေရပ်စွန့်ထွက်ပြေး တိမ်းရှောင်ရမှုများရှိနေသည်။