CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုကြီး အဓွန့်ရှည်ငြိမ်းချမ်းတည်တံ့ ခိုင်မြဲရေးအတွက် ပင်လုံစာချုပ်၏ အနှစ်သာရများကို အကောင်အထည် မဖော် လျှင် မဖြစ်နိုင်ကြောင်း NCA စာချုပ် လက်မှတ်ထိုး ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် စိန်ရတု ပြည်ထောင်စုနေ့သည် ပင်လုံစာချုပ်၏ အနှစ်သာရများကို အကောင် အထည် မဖော်လျှင် မဖြစ်နိုင်ကြောင်း ထပ်လောင်း၍ သတိပေးနှိုးဆော်သည့် နေလည်းဖြစ်ကြောင်း စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် PPST က ပြောသည်
PPST က “ပြည်ထောင်စုကြီး အဓွန့်ရှည် ငြိမ်းချမ်းတည်တံ့ ခိုင်မြဲရေးအတွက် ကြိုးပမ်းနေသည့် ပြည်တွင်း/ပြည်ပ အဖွဲ့ အစည်းများနှင့် အစိုးရများအားလုံးသည် ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သည့် (က) စုပေါင်းတာဝန်ယူမှု (အပိုဒ် ၁-၄)၊ (ခ) မိမိသက်ဆိုင်သည့် ပြည်နယ်တွင် ကိုယ့်ဥပဒေဖြင့် ကိုယ်စီ စီမံခန့်ခွဲနိုင်မှု (အပိုဒ်၅-၆)၊ (ဂ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အမြစ်တွယ် ထွန်းကားမှု(အပိုဒ် ၇)နှင့် (ဃ) သက်ဆိုင်ရာ ပြည်နယ်အတွင်း လွတ်လပ်စွာ ဘဏ္ဍာရေးစီမံခန့်ခွဲနိုင်မှု (အပိုဒ် ၈-၉) တို့ကို အကောင်အထည်မဖော်လျှင် မဖြစ်နိုင်ကြောင်း ထပ်လောင်း၍ သတိပေးနှိုးဆော်သည့်နေလည်း ဖြစ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များကြား တောင်တန်း-ပြည်ပ ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။
PPST ၏ သဝဏ်လွှာကိုတွေ့ရစဉ်
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ကြိုးပမ်းဖြေရှင်းနေသည့် ကာလတွင် တပ်မတော်မှ အာဏာသိမ်းလိုက်ခြင်းကြောင့် အရှိန်ရနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ရပ်ဆိုင်းသွားခဲ့ရကြောင်း ဖော်ပြထားသည်။
နောက်ဆက်တွဲအနေဖြင့် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည်လည်း ကျဆုံးနိုင်ငံထံသို့ ဦးတည်နေ ကြောင်း သန်းချီသော ပြည်သူလူထုများသည် တိုက်ပွဲရှောင်များအဖြစ် ဆင်းရဲဒုက္ခအဖုံဖုံ ခံစားနေရကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အစိုးရတို့သည် ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး ကျဆင်းမှုများ အပါအဝင် အခြားသော အခက်အခဲများကို ပြည်ထောင်စုသားများအားလုံး ယနေ့ တိုင် ကြုံတွေ့နေရကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PPST ကို NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုက ရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။