CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၁

မကြာသေးမီက မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်၍ တင်းမာနေသည့်အတောအတွင်း ကမ္ဘာ့အထီးကျန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် မိမိသည် အိမ်ဖြူတော်ကို ကျောခိုင်းရပြီး ကတည်းက အဆက်အသွယ်ရှိနေခဲ့ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်း၏မိတ်ဆွေ အပေါင်းအသင်းများကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဖေဖော်ဝါရီ ၁၀ ရက်စွဲဖြင့်ရေးသားထားသော ရိုက်တာ သတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ကျမတို့အားလုံးသိကြတဲ့အတိုင်း သူနဲ့ကျတော့ ဒီလိုဆက်ဆံရေးမှာ ပြေလည်မှုရှိတယ်တဲ့” ဟု ထရမ့်၏ထုတ်ဖော် ပြောကြားချက်ကို နယူးယောက်တိုင်းမ်သတင်းထောက် မဂ္ဂီဟာဘာမန်းက စီအင်န်အင်န်သတင်းဌာနသို့ ပြော သည်။ ထရမ့်၏ပြောကြားချက်ကို မကြာမီထုတ်ဝေမည့် “ယုံကြည်စိတ်ချမှုရှိသော လူသား” (The Confidence Man) စာအုပ်တွင်ပါရှိသည်ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် ထရမ့်နှင့်ကင်မ်တို့သည် အပြန်အလှန်စာပို့ကြပြီးနောက် အကျွမ်းတဝင်ချစ်ကြည်ရင်းနှီးသွားခဲ့ သည်ဟု ထရမ့်က လူသိရှင်ကြား ကြေညာခဲ့သော်လည်း ကင်မ်ကို ၃ ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့မှု၌ မြောက်ကိုရီးယား ရဲ့ နျူကလီးယားဗုံးနှင့်ဒုံးကျည်များ စွန့်လွှတ်ရေး ဆွဲဆောင်စည်းရုံးမှု မအောင်မြင်ခဲ့ပေ။

ယခုလည်း ထရမ့်၏ပြောကြားချက်များမှာ မှန်ကန်မှုရှိ/မရှိ အတည်မပြုနိုင်သေးကြောင်း ဟာဘာမန်းက ပြောကြားခဲ့သည်။
“သူ(ထရမ့်)ပြောတဲ့အရာနဲ့ အမှန်တကယ်ဖြစ်ပျက်နေတာတွေက ဖျော်ဖြေရေးဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ ဒါပေမယ့် သူက ကင်မ်ဂျုံအန်းနဲ့ စာပေးစာယူ (ဒါမှမဟုတ်) ဆွေးနွေးမှုမျိုး ဆက်ပြီး ထိန်းထားတယ်လို့ လူတွေကို သူ ပြောနေတာပဲ” ဟု ဟာဘာမန်းက ဆက်လက်ပြောကြားခဲ့သည်။

ကင်မ်သည် ထရမ့်နှင့်အဆက်အသွယ်မပြတ်သည့် တစ်ဦးတည်းသော နိုင်ငံရပ်ခြားမှခေါင်းဆောင်ဖြစ်ကြောင်း ဟာဘာမန်းက ရှင်းပြခဲ့သည်။
၎င်းတို့နှစ်ဦး အဆက်အသွယ်ရှိ/မရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းကြည့်ရာ အဆိုပါသတင်းကို သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သလို အိမ်ဖြူတော်ကလည်း ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။

အလားတူ ထရမ့်၏ကိုယ်စားလှယ်တစ်ဦးထံသို့လည်း သဘောထားမှတ်ချက်တောင်းခံခဲ့ရာ တုံ့ပြန်ခြင်း မရှိပေ။
အမေရိကန်၏ ၁၇၉၉ Logan အက်ဥပဒေအရ အမေရိကန်နိုင်ငံသားများသည် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် နိုင်ငံခြားအစိုးရများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမပြုရန် တားမြစ်ထားသည်။

ဝါရှင်တန်အခြေစိုက် 38 North အမည်ရှိ မြောက်ကိုရီးယားရေးရာစီမံကိန်းဒါရိုက်တာ ဂျန်နီတောင်း (Jenny Town) ကတော့ “ထရမ့်သည် ချဲ့ကားပြောဆိုခြင်းသာဖြစ်သည်ဟု သိရှိရကြောင်း၊ ကင်မ်ထံသို့ သူပေးပို့ခဲ့သော မည်သည့်မတ်ဆေ့ချ်မဆို နှုတ်ခွန်းဆက်စကားအဆင့်သာ ဖြစ်နိုင်ပြီး အပြန်အလှန်တုံ့ပြန်ဆွေးနွေးခြင်းမျိုး မဖြစ်နိုင်ကြောင်း” သုံးသပ်ပြောကြားခဲ့သည်။

“ဒါပေမယ့် အခုကိစ္စကတော့ အမှန်ပဲ။ အိမ်ဖြူတော်နဲ့ ညှိနှိုင်းတာ (ဒါမှမဟုတ်) တိုင်ပင်တာမရှိဘဲ တစုံတယောက် နဲ့ ဆက်သွယ်မှုရှိခဲ့ရင် အဲဒါက အမေရိကန်အကျိုးစီးပွားအတွက် အင်မတန်ပြဿနာတက်နိုင်ပါတယ်။ အကျိုး သက်ရောက်မှုရှိနိုင်ပါတယ်” ဟု ဂျန်နီတောင်းက သုံးသပ်ပြခဲ့သည်။

Source: Reuters, Aljazeera