CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
နေပြည်တော်တွင် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပေးလိုက်သည့်စာနှင့်အတူ KNU ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌအဖြစ် နှုတ်ထွက်ခွင့်တင်ထားသူ ပဒိုစောရွှေမောင်းနှင့်စောချစ်လှတို့ တက်ရောက်မည်ဟု သိရသည်။
ပဒိုစောရွှေမောင်းနှင့်စောချစ်လှတို့သည် ပြည်ထောင်စုနေ့ အခမ်းအနားကို KNU ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ဘဲ သီးခြားဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ တက်ရောက်စဉ် KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးမည်စာကို ယူဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောရွှေမောင်း CNI သတင်းဌာနသို့ ပြောသည်။
ပဒိုစောရွှေမောင်းက “ဟုတ်ကဲ့ ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တက်လို့ရတယ်ဆိုတဲ့အပေါ်မှာ ကျနော်က ပုဂ္ဂိုလ်ရေး အရ သွားပြီးတော့ တက်ရောက်မှာပေါ့၊ တက်ရောက်တဲ့ အပေါ်မှာ ဥက္ကဋ္ဌကြီးကလည်း စာပါထည့်ပေးလိုက်မယ်တဲ့ အဲတာစာပါ တပ်ချုပ်ကြီးဆီကို စာပို့မှာပေါ့”ဟု ပြောသည်။
မိမိတို့အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကိုသာ တက်ရောက်မှာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်များပေါ် ဆွေးနွေးရန် တာဝန်ပေးထားချက် မရှိကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
နစက-က တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ် ကြောင်း ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း နစက၏ ထာဝရငြိမ်းချမ်းရေး အကြိညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို တက်ရောက်ရန် အစီအစဉ် မရှိကြောင်း KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြော ကြားထားသည်။
ပဒိုစောရွှေမောင်းသည် KNU ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တာဝန်မှ နှုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၇ ရက်က ကျင်းပ သည့် ခရိုင်အရေးပေါ် အစည်းအဝေးတွင် တင်ပြ အသိပေးထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။