CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် အဖြေရှာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ်တွင်း အပါအဝင် နိုင်ငံတစ်ဝှမ်း လက်ကိုက်ပဋိပက္ခချုပ်ငြိမ်းရေး ကြိုးစားဆောင်ရွက်နေကြသလို သံဃာတော်များကလည်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းများထံ မေတ္တာရပ်ခံစာများ ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

ပဒိုစောရွှေမောင်းက “ဖြေရှင်းနေကြတယ်လို့ပဲ ပြောရမှာပေါ့နော်၊ ဒါတွေကလည်း ဖြေရှင်းနေကြတယ်လို့ပဲ ပြောရမှာပေါ့။ ဖြေရှင်းတဲ့နည်းက အနာနဲ့ဆေးမထိသေးလို့ပဲ အခုထိဖြစ်နေကြတုန်းလို့ ပြောရမှာပေါ့၊ ဆေးနည်း မှန်ဖို့အတွက် ကြံစည်နေကြဆဲလို့ပဲ ပြောရမှာပဲလေ၊ အဲဒီလိုပဲ ပြောရမယ်ထင်တယ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ သွားအောင် ဘယ်လိုမျိုး ဆောင်ရွက်ကြရမလဲ၊ ဒါလည်းပဲ နည်းလမ်းစုံ စဉ်းစားပြီးတော့မှ ရပ်စဲသွားအောင် စစ်ပွဲကြီး ပြီးဆုံးသွားအောင် ဆောင်ရွက်နေကြတယ်လို့ပဲ ကျနော်ကတော့ အဲဒီလိုပဲ မြင်တာပေါ့၊ မဆောင်ရွက်ကြ တာတော့ မဟုတ်ပါဘူး။ ဆောင်ရွက်နေကြပါတယ်။ သံဃာတော်တွေကလည်း မေတ္တာရပ်ခံစာတွေ ရေးပို့တယ်၊ သက်ဆိုင်ရာကိုပေါ့၊ ကျနော်တို့လည်းပဲ အဲဒီစာတွေအတွက် အထောက်အကူဖြစ်ဖို့ပေါ့၊ သူတို့ရဲ့ မေတ္တာရပ်ခံချက် ကို ထောက်ခံပြီးတော့မှ စာတွေ ထပ်ဆင့်ရေးပေးတာတွေလည်း ရှိပါတယ်။ ဒါကလည်းပဲ တတ်နိုင်တဲ့ဖက်က ဆောင်ရွက်နေကြတယ်လို့ပဲ ပြောရမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ပြည်ထောင်စုတိုင်းရင်းသားများကိုတွေ့ရစဉ်

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးမှာ ရပ်တန့်လျက်ရှိသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းကြောင့် ကရင်ပြည်နယ်တွင် သာမကဘဲ နိုင်ငံတစ်ဝှမ်းကို ထိခိုက် နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးသမား တစ်ဦးက ပြောသည်။

တိုက်ပွဲများ လျော့ချနိုင်ရေး ပြည်သူလူထုများ အနေဖြင့်လည်း သဘောထား ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းနိုင်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ပဒိုစောရွှေမောင်းကိုတွေ့ရစဉ်

၎င်းက “တိုက်ပွဲတွေကတော့ သူ့ဟာသူ ထိန်းချုပ်၊ ကိုယ့်ဟာကိုယ် ထိန်းချုပ် ကိုယ့်ဟာကိုယ် နည်းနည်းလျှော့ သူနည်းနည်း လျှော့မှပဲ ရတော့မယ်၊ ပြည်သူလူထုတွေကလည်း နည်းနည်းအော်ပေးပေါ့၊ ဒါပဲရှိမှာပေါ့၊ သဘော ထား ထုတ်ပြန်ပေးပေါ့။ လက်နက်ကိုင်ပဋိပက္ခနဲ့က အဖြေရှာလို့ မရဘူးလေ၊ အဖြေရှာလို့ မရတော့ စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးရေး ညှိနှိုင်းရေး နည်းနဲ့ပဲ ကောင်းတယ်၊ ဘာလို့ဆိုတော့ ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော် ကာလဟာ ဒီဟာကြီးကို ဖြေရှင်းလာတာ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ခဲ့သည့်အတွက် ဒီပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အတွက်ကတော့ စေ့စပ်ညှိနှိုင်းရေးနဲ့ပဲ အဖြေရှာတာက အကောင်းဆုံးလို့ ပြောလိုတယ်” ဟု ပြော သည်။

လက်ရှိတွင် မြဝတီမြို့နယ်အတွင်း တိုက်ပွဲများ မဖြစ်ပွားစေရန်၊ ဒေသခံလူထုအတွက် ဘေးကင်းလုံခြုံရန်၊ တိုက်ပွဲ ကင်းစင် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ရန် တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား သဘောတူညီ ထားကြောင်း သိရသည်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိနေပြီး ပြည်သူလူထု များမှာ စီးပွားရေးအကျပ်အတည်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ နယ်မြေမလုံခြုံမှုများဖြင့် နေ့စဉ် ရင်ဆိုင်နေကြရသည်။