CNI International News
တိုရွန်တို၊ ဖေဖော်ဝါရီ ၁၁
ကနေဒါပြည်တွင်း Covid-19 ကန့်သတ်ချက်များကို ဆန့်ကျင်ကန့်ကွက်နေကြသည့် ကနေဒါနိုင်ငံသားများ ကုန်တင်ယာဉ် များဖြင့် အရေးပါသည် တံတားတစ်စင်းကို ပိတ်ဆို့ထား၍ တသီတတန်း ယာဉ်ကြောကြပ်တည်းစေသည့်နည်း (bumper-to-bumper) ဆန္ဒပြနေခြင်းအား အဆုံးသတ်စေရန် ဖက်ဒရယ်အာဏာသုံးဖို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးကို ဘိုင်ဒန် အစိုးရက တိုက်တွန်းခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ ဆန္ဒပြပွဲကြောင့် အမေရိကန်-ကနေဒါ နယ်စပ်နှစ်ဘက်စလုံးရှိ မော်တော်ယာဉ် စက်ရုံများကို ပိတ်ပစ်ရန် (သို့မဟုတ်) ယာဉ်ထုတ်လုပ်မှု လျှော့ချရန် ဘိုင်ဒန်အစိုးရက တွန်းအားပေးခဲ့သည်။
Freedom Convoy ဟု ကင်ပွန်းတပ်ထားသော ကုန်တင်ယာဉ်မောင်း အများအပြား၏ ၄ ရက်ဆက်တိုက် ဆန္ဒပြမှုတွင် ဝင်ဆာ၊ အွန်တေရီယိုနှင့် ဒီထရော့ဒေသတို့သို့ ဆက်သွယ်ထားသော သံအမတ်ကြီးတံတားကို ကုန်တင်ယာဉ်ကြီးများ ရပ်တန့် ပိတ်ဆို့ထားခဲ့သဖြင့် နှစ်နိုင်ငံအကြား မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် အခြားထုတ်ကုန်များ စီးဆင်းလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အမေရိကန်နယ်မြေလုံခြုံရေးဝန်ကြီး အလယ်ဂျန်ဒရို မေယာကက်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီတီဘူတီဂိတ်တို့ကို ၎င်းတို့နှင့် ရာထူးတာဝန် တန်းတူဖြစ်ကြသည့် ကနေဒါအစိုးရ တာဝန်ရှိသူ အသီးသီးနှင့် ဆက်သွယ်ဆွေးနွေးရန် အိမ်ဖြူတော် က တာဝန်ပေးခဲ့ပြီး လတ်တလောပဋိပက္ခကို ဖြေရှင်းစေခဲ့ကြောင်း သိရသည်။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးကို တွေ့ရစဉ်(AP)
အလားတူ နယ်စပ်ပိတ်ဆို့မှု ဖြစ်ပွားနေသည့် ဝင်ဆာ၊ အော်တဝါ၊ ကောက်စ်နှင့် အယ်လ်ဘာတာတို့သို့ ကနေဒါရဲတပ်ဖွဲ့ အင်အား အကူအညီ ထပ်ဖြည့်၍ စေလွှတ်ထားကြောင်း ကနေဒါဗဟိုအစိုးရလုံခြုံရေးဝန်ကြီး မက်ခရိုမန်ဒီစီနိုက ပြောကြား ခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ထရူဒိုးသည် ဇန်နဝါရီ ၁၀ ရက် နှောင်းပိုင်းတွင် ကနေဒါ အတိုက်အခံခေါင်းဆောင် အားလုံးနီးပါးနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ပြီး ဝင်ဆာမြို့တော်ဝန်နှင့်လည်း ဆွေးနွေးခဲ့သည်။ ပိတ်ဆို့ဆန္ဒပြမှုများ အဆုံးသတ်စေရန် အတွက် လိုအပ်သမျှ တုံ့ပြန်ပေးဖို့ ဆန္ဒရှိကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ဖော်ပြောကြားခဲ့သည်။
လူစုလူဝေး ရန်ပုံငွေ ရှာဖွေရေးဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် GiveSendGo မှတဆင့် ယခုယာဉ်တန်းပိတ်ဆို့မှု ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ ပေးနေခြင်းကို ရပ်တန့်ရန် အွန်တေရီယိုပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့ဒ် (Doug Ford) က တရားရုံးကို တောင်းဆိုခြင်းဖြင့် ဆန္ဒပြပွဲ ရန်ပုံငွေများကို ဖြတ်တောက်နိုင်ဖို့ လှုံ့ဆော်ခဲ့သည်။ အဆိုပါ ဆန္ဒ ပြပွဲများကို သိမ်းပိုက်ခြင်းဟု ဒေါက်ဖို့ဒ်က ကင်ပွန်းတပ်ခဲ့သည်။
အမေရိကန်နိုင်ငံဘက်ခြမ်းတွင် ကနေဒါနိုင်ငံသားများ လှုံ့ဆော်ရေး ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်လာမည့် ဆန္ဒပြပွဲများ ဖြစ်နိုင်ခြေကို အာဏာပိုင်များက တားဆီးထားပြီး ပါရီနှင့် ဘယ်လ်ဂျီယံ အာဏာပိုင်များကလည်း ထိုနေရာတဝိုက် အဟန့်အ တား ပြုလုပ်၍ ပိတ်ဆို့ခြင်းမဖြစ်ပေါ်စေရန် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။
Source: AP