CNI International News
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၁
အရေးပေါ် ကိုင်တွယ်ဖြေရှင်းခြင်း မရှိလျှင် အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ် ၁ သန်းသည် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနိုင်သည့်အန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှ သတိပေးထား ကြောင်း indiatimes.com က သတင်းဖော်ပြသည်။
“မကြာသေးမီက ပြင်းထန်စွာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့် အသက် ၂ နှစ်အရွယ် ဆိုရီးယား (Soria) သည် နောက်တစ်ကြိမ် ဆေးရုံပြန်တက်ရပြီး ယခုအခေါက်၌ ရေဖျဉ်းစွဲ၍ ဝမ်းပျက်ဝမ်းလျှော ထပ်မံဖြစ်ပွားနေကြောင်း” အာဖဂန်ကလေးငယ် တစ်ဦး ၏ ဖြစ်ရပ်ကို ကိုးကားလျက် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် ယူနီဆက်ဖ်က ဖေဖော်ဝါရီ ၉ ရက်၌ တွစ်တာလူမှု ကွန်ရက် ပေါ်မှာ သတင်းထုတ်ပြန်ခဲ့သည်။
“၎င်း၏မိခင်က ဆိုရီးယား နေပြန်ကောင်းလာဖို့ စိတ်အားထက်သန်စွာဖြင့် ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်ကတည်းက အိပ်ရာ ဘေးမှာ စောင့်ရှောက်နေခဲ့ရကြောင်း” ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။
“အရေးပေါ် ကိုင်တွယ်ဖြေရှင်းခြင်းမရှိရင် အာဖဂန်ကလေး ၁ သန်းခန့် အာဟာရ အလွန်အမင်း ချို့တဲ့မှုကြောင့် သေဆုံးနိုင် ကြောင်း” အဆိုပါထုတ်ပြန်ချက်ဖြင့် ယူနီဆက်ဖ်က သတိပေးထားသည်။
အာဖဂန်ကလေးငယ်များကိုတွေ့ရစဉ်(AFP)
၂၀၂၂ ခုနှစ်အတွက် ကလေး ၁၃ ဒသမ ၁ ဦး အပါအဝင် အာဖဂန်နိုင်ငံသား ကလေးသူငယ် ၂၄ ဒသမ ၄ သန်းသည် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဟု ယူနီဆက်ဖ်က ခန့်မှန်းသည်။ အဆိုပါ အရေအတွက်၌ အသက် ၅ နှစ်အောက် ကလေးသူငယ် ၁ ဒသမ ၁ သန်းသည် အစာအာဟာရ ချို့တဲ့မှု၊ ရေနှင့်မိလ္လာဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေး အားနည်းချက်တို့ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း အာဖဂန်နစ္စတန်နိုင်ငံတွင် ကလေးသူငယ်များ၌ ဝက်သက်ရောဂါ ဖြစ်ပွားမှု ၆ သောင်းကျော် ရှိခဲ့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်သည့် အခြားရောဂါများလည်း ဖိစီးနေခဲ့သည်။
တာလီဘန်တို့၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက “အာဟာရချို့တဲ့မှု ခံစားနေရသည့် ကလေးဦးရေမှာ ၄ ဒသမ ၄ သန်းဝန်းကျင်ရှိကြောင်း” အခိုင်အမာပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန်မှာ အာဟာရချို့တဲ့မှုကို ကျော်လွှားဖို့၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ ပံ့ပိုးနိုင်ဖို့ နိုင်ငံတကာအကူအညီတွေ စုဆောင်းရမယ့် စီမံချက်တချို့ ရှိပါတယ်”ဟု ဝန်ကြီးဌာနပြောခွင့်ရသူ ဂျာဗစ်ဟာဂျီအာရ်က ပြောသည်။
တာလီဘန်တို့ အာဏာရပြီးကတည်းက အာဖဂန်ငွေကြေးတန်ဖိုး တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေခဲ့သည်။
Source: indiatimes.com