CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
နစက-က ဖိတ်ခေါ်သည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်သူ ခေါင်းဆောင်များ အားလုံး ပါဝင်လုပ် ဆောင်ကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ(MCC)က ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဘာသာအသီးသီးကို ယုံကြည်ကိုးကွယ်ကြသော ဘာသာဝင် ညီအစ်ကိုမောင်နှမများတို့သည်လည်း ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အလွန်မျှော်လင့်စောင့်စားလျက်ရှိနေကြပါသည်ဟု ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင် သက်ဆိုင်သူခေါင်းဆောင်များအားလုံး ပါဝင် လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟုလည်း ၎င်းအဖွဲ့အစည်းက ပြော ထားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒိူဘာသာရေးအဖွဲ့ချုပ်ကလည်း နစက၏ ကြေညာချက်သည် မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်နှင့် ဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့်ပတ်သက်၍ ကန့်သတ် ချက် မထားဘဲ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်မိပါကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုဆွေးနွေးနိုင်ရေး ဆွေးနွေးပွဲ နှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်သာယာ စည်ပင် စေရေး အတူလက်တွဲဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ကြပါရန် တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်များ ကိုယ်စားလှယ် တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံပါသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်က ဆိုသည်။
နစကသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုအခမ်းအနားနှင့်အတူ ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များ တက်ရောက်ကြပါရန် ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။