CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်(UNESCO) စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြု လွှာမူချော တင်သွင်းထားမှုအား ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်မှ လက်ခံလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ သိရသည်။

ထိုသို့ လက်ခံလိုက်သည့်အတွက် အချိန်ကာလတစ်ခုလျှင် သက်ဆိုင်ရာပညာရှင်များသည် မြောက်ဦးယဉ်ကျေးမှုဒေသသို့ တရားဝင် ကွင်းဆင်း စစ်ဆေးမည်ဖြစ်သည်။

ထိုစစ်ဆေးမှုမတိုင်ခင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြောက်ဦးမြို့၏ ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသားပညာရှင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှု ပြုလုပ်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “အဆိုကတော့ လက်ခံလိုက်ပါပြီ။ အဖြေကတော့ လာမယ့်နှစ်ကျမှ ထွက်မှာပါ။ လက်ခံပြီး တော့ စစ်ဆေးတော့မှာပေါ့။ အဲ့သူတို့ မစစ်ဆေးခင်မှာ ကျနော်တို့က အကြိုအနေနဲ့ ဘာတွေ ဆောင်ရွက်ရမယ်ဆိုတဲ့ဟာကို နည်းလမ်းတွေကို လာကြည့်တာပါ။ မြောက်ဦးမြို့မှာရှိတဲ့ နဂိုက ရေအသုံးချမှု ကျုံးတွေ၊ အင်းတွေ၊ အဲ့ဒါတွေကို လာရောက် ကြည့်ရှုတာပေါ့။ အရင်တုန်းက ပုံနဲ့ အခုပုံနဲ့ တူသလား၊ ပြုပြင်မှုတွေ ဘာတွေ ရှိနေသလဲဆိုတဲ့ ဟာကို လာရောက် ကြည့်ရှု စစ်ဆေးတာပါပဲ။ ဟိုးအရင်က ရခိုင်ဘုရင်တွေရဲ့ အသုံးပြုခဲ့တဲ့ မြစ်ချောင်း၊ အင်းအိုင်တွေပေါ့ အသုံးပြုတယ်၊ ရေသိုလှောင် တယ်၊ ရေစနစ်နဲ့ ကာကွယ်ရေးစနစ်ကို ဆောင်ရွက်တယ်။ အဓိကကတော့ လက်ဆည်ကန်၊ အနူမကန်တို့ လာပြီးတော့ ကြည့်ရှုစစ်ဆေးတာပေါ့။ ပျက်ဆီးနေပြီလားဆိုပြီးတော့ အဲ့ဒီလို” ဟု ပြောသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းသည် အချိန်ကာလအားဖြင့် ၉ ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဒေသ ဗုဒ္ဓရုပ်ပွားတော်များ

ကွင်းဆင်းစစ်ဆေးမှုတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ငှားရမ်းထားသည့် ရေနှင့်ပတ်သက်သော Professor Massimo Sarti နှင့်အတူ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်မှူး ၂ ဦး၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပယ်ညွန့်၊ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင်၊ မြောက်ဦး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ဒီကမ္ဘာ့အမွေအနှစ်မှာ ကျနော်တို့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း၊ စီမံခန့်ခွဲမှုတွေ မှားယွင်း သလားဆိုတာ လာပြီးတော့ ကြည့်တာပါ။ သူ့ရဲ့အကြံပြုချက်အတိုင်း ဆောင်ရွက်မှာပါ။ ဘယ်လိုအနေထားမျိုးလဲဆိုတော့ ကျနော်တို့ နဂိုပုံစံအတိုင်းပေါ့နော် ခရိုင်တွေနဲ့ မြောက်ဦးမြို့ ရေလုံလောက်စွာ ရရှိရေးအတွက် အဲ့ရေကန်က ကြာပြီလေ နှစ် ပေါင်း ၃၀၀ လောက်ရှိပြီ။ အဲ့ဟာကို အမှိုက်တွေ ဒိုက်တွေ ဆယ်ချင်တယ်။ ရှင်းရှင်းပြောရရင်တော့ ရေသိုလှောင်နိုင်မှု ပမာဏ များအောင်ပေါ့။ ဒီ‌မြောက်ဦးသူ မြောက်ဦးသားတွေ ရေသုံးစွဲမှုမှာ အဆင်ပြေအောင်လို့ အဲ့ဒီဟာကို နုန်းတွေ ဆယ်ချင်တယ်။ ဘယ်လို စနစ်နဲ့ လုပ်ရမလဲဆိုတဲ့ဟာကို အဖြေရှာတယ်”ဟု ပြောသည်။

ထိုသို့ အဖြေရှာသည့်အခါတွင် နုန်းများအား ဆယ်စရာမလိုကာ လက်ဆည်ကန်နှင့် အနူမကန်တို့၏ ရေပမာဏအား ဆက်ပေး ရုံသာ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးသည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ မြို့တော် တစ်ခုဖြစ်သည့်အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး လေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်က ရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိသည်။