CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များ အတိုင်း ဆောင်ရွက်ရန်လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်) မကွေး တိုင်းဒေသကြီး ခရီးစဉ်မှာ ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်းစေရေးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန် လိုကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့်အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့် လုပ်သင့် သည့်အရာအားလုံး လုပ်ဆောင်ရန်လိုတယ်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရသစ်ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချ၍ နိုင်ငံတော် ကို အရေးပေါ်ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ ဆောင်ရွက်နေသည်။

သို့သော် တခြားတစ်ဖက်မှာတော့ တပ်မတော်၏ အရေးပေါ်ကြေညာခြင်းကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဖြင့် နစကအား ပြန်လည်ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်များဦးဆောင်၍ ဒီမိုကရေစီအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)တို့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးနှင့်သံတမန်ရေးကိစ္စရပ်များတွင် နစကနှင့်အားပြိုင်လျက်ရှိနေသည်။