CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀
LGBT ကျောင်းသားများကို မုန်းတီးစရာအဖြစ် မူလတန်းကျောင်းများတွင် လိင်စိတ်တိမ်းညွှတ်မှုဆိုင်ရာဆွေးနွေးခြင်းကို တားမြစ်မည့် ဖလော်ရီဒါ ဥပဒေမူကြမ်းအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရှုတ်ချလိုက်ကြောင်း ဘီဘီစီအင်္ဂလိပ်ပိုင်း သတင်းအရ သိရသည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်က ထောက်ခံကြောင်း ပြသခဲ့ပြီး ပြည်နယ်ဥပဒေပြု လွှတ်တော်အတွင်း ရီပက်ဘလစ်ကန် အမတ်များ ဦးဆောင်နေခြင်းကြောင့် ၎င်းတို့ကို ဖြတ်သန်း ကျော်လွှားနိုင်ရေးအတွက် လုံလောက်သည့် ပံ့ပိုးမှုများ ရှိနေပုံရသည်။
ထိုမူကြမ်းကို “မိန်းမလျာမပြောရ” ဥပဒေကြမ်းဟု တက်ကြွလှုပ်ရှားသူများက ကင်ပွန်းတပ်ခဲ့ကြပြီး LGBT များနှင့် ပြဿနာ ပေါ်၍ အမည်းစက် ဖြစ်စေလိမ့်မည်ဟု သတိပေးထားကြသည်။
သို့သော် ယင်းဥပဒေသည် မိဘအခွင့်အရေးများကို အကာအကွယ်ပေးကြောင်း ပြဋ္ဌာန်းနိုင်ရေးအတွက် လိုလားထောက်ခံ နေသူများက စောဒကတက်ကြသည်။
ဥပဒေမူကြမ်းအတွက် အဆိုပြုချက်ကို ပြီးခဲ့သည့်လ၌ ပြည်နယ်အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ၎င်းကို ပြည်နယ် အထက်လွှတ်တော်၌ ဖေဖော်ဝါရီ ၈ ရက်၌ ထပ်မံဆွေးနွေးခဲ့ကြသည်။
သမ္မတ ဂျိုးဘိုင်ဒန်က LGBT အသိုင်းအဝိုင်းထံသို့ အသိပေးသည့် သတင်းစကားအနေဖြင့် “ယခုလို အမုန်းတရားဖြစ်စေမည့် ဥပဒေကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များ ရှိလာနိုင်ကြောင်း၊ LGBT များ ရသင့်ရထိုက်သော ကာကွယ်ရေး အစီအမံများအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း” တွစ်တာလူမှုကွန်ရက်မှတဆင့် ကတိပြုခဲ့သည်။
LGBT ကိုယ်စားပြုအမှတ်အသားကိုတွေ့ရစဉ်(GETTY IMAGES)
အစောပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက “သူတို့ရဲ့ ကလေး တွေ ဘေးကင်းမှု၊ အကာအကွယ်နဲ့ လွတ်လပ်မှုတို့ အာမခံနိုင်မယ်လို့ မိဘတိုင်းက မျှော်လင့်နေကြပါတယ်” ဟု ပြောကြားခဲ့ သည်။
“ဒီကနေ့မှာဆိုရင် အထောက်အကူပေးဖို့ အလိုအပ်ဆုံးဖြစ်နေတဲ့ ကလေးသူငယ်များကို ပစ်မှတ်ထား ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်း ကိုသုံးပြီး ဖလော်ရီဒါပြည်နယ်က ရှေးရိုးစွဲ နိုင်ငံရေးသမားတွေဟာ အခြေခံတန်ဖိုးတွေ ပယ်ဖျက်နေကြပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
စာသင်ခန်းများတွင် LGBT တို့၏ ဘဝအကြောင်း ဆွေးနွေးခြင်းအား တားမြစ်ကန့်သတ်သည့် ဥပဒေများကို လိင်တူချစ်သူများ မတိုးပွားစေရေး ဥပဒေများဟု ရည်ညွှန်းခြင်းမှာ အဆန်းမဟုတ်ပေ။
ထိုသို့ ဥပဒေများကို ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များက စတင်မိတ်ဆက်ခဲ့ဖူးသော်လည်း ထိုစဉ်က လိင်တူချစ်သူ အခွင့် အရေး ဆန့်ကျင်သည့် လှုပ်ရှားမှုများဖြင့် အနီးကပ် ဖြစ်ခဲ့လင့်ကစား ရုပ်သိမ်းခံရသည်မှာ ကြာမြင့်ပြီဖြစ်သည်။
လက်ရှိတွင် အမေရိကန်ပြည်နယ် ၄ ခုဖြစ်သည့် လူဝီစီယားနား၊ မစ္စစ္စပီ၊ အိုကလာဟိုးမားနှင့် တက္ကဆက်တို့တွင် လိင်တူ ဆက်ဆံခြင်းကို အတိအလင်း တားမြစ်ကန့်သတ်သည့် ဥပဒေများ အသက်ဝင်နေဆဲဖြစ်သည်။
ယမန်နှစ်ကလည်း တင်နစီပြည်နယ်နှင့် မွန်တာနာပြည်နယ်တို့တွင် ကလေးသူငယ်များ လိင်စိတ် တိမ်းညွှတ်မှုနှင့် ကျား/မ ခွဲခြားခြင်းဆိုင်ရာ ဆွေးနွေးမှုများမှ မိဘများကို ဖယ်ထုတ်စေသည့် ဥပဒေများကို အတည်ပြုခဲ့သည်။
ယခု ဖလော်ရီဒါပြည်နယ်၌ အငြင်းပွားစရာ ဥပဒေမူကြမ်းတွင် မိဘများအနေဖြင့် စာသင်ကျောင်းများကို တိုက်ရိုက် တရားစွဲ ဆိုပိုင်ခွင့်နှင့် ဥပဒေချိုးဖောက်သည်ဟု ယူဆပါက နစ်နာကြေး တောင်းခံပိုင်ခွင့်တို့ကို တလှမ်းချင်း လုပ်ဆောင်သွားစေရန် ခွင့်ပြုထားသည်။
Source: BBC