CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နေပြည်တော်တွင် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် တက်ရောက်မည်ဟု ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့်အတူ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ရန် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကို နစက-က ဖေဖော်ဝါရီ ၆ ရက်တွင် ဖိတ်ခေါ်ထားသည်။
ထို့ကြောင့် ALP အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ တက်ရောက် ဆွေးနွေးရန် အခြေအနေကတော့ တခြားသော အဖွဲ့အစည်းများဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်းက “နေပြည်တော်ကိုတော့ အများအားဖြင့် ပြည်ထောင်စုနေ့ကိုတော့ အများအားဖြင့် ကျမတို့ကတော့ တက်ရောက်တဲ့ဖက်ကို များပါတယ်၊ တက်ဖို့ကတော့ များပါတယ်၊ ဒါပေမယ့် အကြိုညှိနှိုင်းဆွေးနွေးပွဲမှာ ဆိုလို့ရှိရင် တခြား ပါတီတွေက ဘယ်လိုသဘောထားရှိလဲ အဲတာပုံစံမျိုးကိုတော့ ကျမတို့က တိုင်ပင်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
NSPNC နဲ့ ALP တို့ ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက် တွေ့ဆုံခဲ့ကြစဉ်
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော အပစ်ရပ်(၁၀)နှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခြင်း ရှိ/မရှိဆိုသည်ကို မသိရှိရသေးကြောင်း၊ သို့သော်လည်း တစ်ဖွဲ့ချင်းစီအလိုက် မိမိတို့သဘောဆန္ဒအရ တက်ရောက်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။
PPST အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားနှင့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောကြား ထားသည်။
ပြည်ထောင်စုနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ဆက်စပ်နေကြောင်း၊ ပြည်ထောင်စု ဖြစ်ခြင်းမဖြစ်ခြင်းမှာ အုပ်ချုပ်သည့် ပုဂ္ဂိုလ်အပေါ်တွင် မူတည်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
၎င်းက “ပြည်ထောင်စု စိန်ရတုပွဲဆိုတာကတော့ ကျမတို့ရဲ့ မြန်မာနိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်တယ်ပေါ့လေ၊ ဒီသမိုင်းဝင်နေ့ တစ်နေ့ဖြစ်တယ်၊ ဒီပွဲကိုတော့ ကျမတို့ အသိအမှတ် ပြုပါတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ ပြည်ထောင်စုဆိုတဲ့ စကား ကို စတင်ပြီးမှ သုံးစွဲဖို့အတွက် အခွင့်အလှမ်းရခဲ့တဲ့ နေ့လေးဖြစ်တယ်၊ ဆိုတော့ ပြည်ထောင်စုဖြစ်ခြင်း၊ မဖြစ်ခြင်း၊ စစ်ခြင်း မစစ်ခြင်းဆိုတာကတော့ အုပ်ချုပ်လာတဲ့ လူတွေနဲ့ပဲ အများကြီးဆိုင်တယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ဖြစ်အောင် တိုင်းရင်းသားတွေအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရအောင်လည်း ကျမတို့က ကြိုးပမ်းနေဆဲ ဖြစ်တယ်။ ကြိုးပမ်းနေဆဲ ကာလမှာတော့ စကားဝိုင်းကိုတော့ ဖွင့်ပေးဖို့လိုအပ်တယ်၊ စကားပြောရမယ်၊ တိုင်ပင်ရမယ်ပေါ့လေ။ တိုင်ပင်မှုတွေ ပိတ်သွား လို့ ရှိရင်တော့ ကျမတို့ တိုင်းပြည်အတွက် အခက်အခဲရှိတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
နစက-က ဖွဲ့စည်းပေးထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် ALP တို့ ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသေးသည်။
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး PPST အဖွဲ့ဝင် ဖြစ်သည်။