CNI International News
သည်ဟိဂ်၊ဖေဖော်ဝါရီ ၁၀
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ၏ ပဋိပက္ခတွင် ယူဂန်ဒါပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ကွန်ဂိုသို့ ဒေါ်လာ ၃၅၂ သန်း ပေးဆောင်ရန် ယူဂန်နိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ထုတ်ခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းဖော်ပြချက်အရ သိရသည်။
ယူဂန်ဒါသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း သိမ်းပိုက်ထားသော တပ်ဖွဲ့တစ်ခုအသွင်ဖြင့် နိုင်ငံတကာ စံနှုန်း များကို ချိုးဖောက်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့သည်။
ကွန်ဂိုနိုင်ငံ၏အရှေ့ပိုင်း အီကျူရီပြည်နယ်၌ လူ ၁၀ ဦးမှ ၁၅,၀၀၀ အထိ သေဆုံးစေခဲ့မှုများအတွက် ယူဂန်ဒါ နိုင်ငံ တွင် တာဝန်ရှိကြောင်း ICJ တရားသူကြီးများက စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ပြင် ယူဂန်ဒါတပ်ဖွဲ့ဝင်များသည် ရွှေ၊ စိန်နှင့်သစ်များ လုယက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ICJ က ဖော်ထုတ်တွေ့ရှိသည်ဟု ပြောသည်။
အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ ကွန်ဂိုနိုင်ငံက ဒေါ်လာ ၁၁ ဘီလီယံ တောင်းခံခဲ့သော်လည်း ICJ တရားသူကြီး များက တောင်းခံသည့်အစိတ်အပိုင်းအချို့ကို ပယ်ချခဲ့ပြီး ထို့ထက်နည်းပါးသော ပမာဏကို ယူဂန်ဒါ ပေးဆောင် စေရန် ဆုံးဖြတ်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ၂၀၂၆ ခုနှစ်အတွင်း တစ်နှစ်လျှင် အရစ်ကျ ဒေါ်လာ ၆၅ သန်း ပေးဆောင်ရန် ယူဂန်ဒါကို ICJ က အမိန့် ထုတ်ခဲ့ပြီး ပထမဆုံးအရစ်ကို ယခုနှစ် စက်တင်ဘာလတွင် စတင်ပေးဆောင်ရမည်ဖြစ်သည်။
ကွန်ဂိုမှ တောင်းခံသည့် ဒေါ်လာဘီလီယံနှင့်ချီသော ပမာဏသည် ၎င်းကို စီးပွားပျက်စေကြောင်း ယူဂန်ဒါက စောဒကတက်ခဲ့သည်။ တရားရုံးကတော့ အမိန့်သည် ယူဂန်ဒါပေးဆောင်နိုင်သည့်အတိုင်းအတာအတွင်း၌ သတ်မှတ်ထားကြောင်း တုံ့ပြန်ခဲ့သည်။
ICJ ၏ စီရင်ချက်တွင် တရားသူကြီးများက “လူအများနှင့်ပစ္စည်းပျက်စီးမှုအတွက် ကွန်ဂိုသို့ ပေးအပ်ရမည့် လျော်ကြေးငွေသည် ယူဂန်ဒါ၏နိုင်ငံတကာစံနှုန်းများအတိုင်း လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ထိခိုက် နစ်နာမှုများကို ထင်ဟပ်စေသည်” ဟု ဆုံးဖြတ်ခဲ့သည်။
ကွန်ဂိုနိုင်ငံသည် ယူဂန်ဒါကျူးလွန်ခဲ့သော လက်နက်ကိုင်လုပ်ရပ်များအတွက် ၁၉၉၉ ခုနှစ်တွင် ICJ တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယူဂန်ဒါစစ်သားများသည် လုယက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ဆောင်ခဲ့ကြောင်း ကွန်ဂိုက စွပ်စွဲခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့အမြောက်အမြားသည် ဓါတ်သတ္တုကြွယ်ဝသော ကွန်ဂိုနိုင်ငံအရှေ့ပိုင်းကို ဆယ်စုနှစ်များစွာ ကြာအောင် ပျက်စီးဆုံးရှုံးစေခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် ယူဂန်ဒါနှင့်ရဝမ်ဒါနိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် အိမ်နီးချင်း ကွန်ဂိုနိုင်ငံထဲသို့ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး အစိုးရပြုတ်ကျရေးအတွက် ဒေသခံပြည်သူ့စစ်များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
Source: BBC