CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
တစ်နိုင်ငံတည်းအတွင်း အတူတကွ နေထိုင်နေကြသည့် လူမျိုးများအနေဖြင့် အပြန်အလှန် စစ်ခင်းကြခြင်းနှင့် ခုခံတော် လှန်နေခြင်းများသည် နိုင်ငံရေးအတွက် နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သော အဖြေကောင်းများမဟုတ်ဟု ကရင်အမျိုး သားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကရင့်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာထဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “အကြမ်းဖက်မှုများနှင့် ရက်စက်သတ်ဖြတ်မှုများကြောင့် မလွဲမရှောင်သာ ကရင့်အမျိုးသား များ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် မိမိတို့၏ နိုင်ငံရေး ရပ်တည်ချက်များနှင့် မိမိတို့ ကရင့်အမျိုး သားများကို ကာကွယ်နိုင်ရန် ခုခံတော်လှန်ရေးကို ဆင်နွဲခဲ့ကြရသည်မှာ နှစ်ပေါင်း(၇၀)ကျော်ရှိခဲ့ပါပြီ။ သို့ရာတွင် ဤခုခံတော် လှန်ရေးကို မိမိတို့အနေဖြင့် အမှန်တကယ် ရွေးချယ်ခဲ့ကြသည်မဟုတ်ပေ။
မိမိတို့၏ ဘဝဖြတ်သန်းမှုများနှင့် လေ့လာတွေ့ရှိမှု များ အရ နိုင်ငံ တစ်နိုင်ငံတည်းအတွင်း အတူတကွ နေထိုင်နေကြသည့် လူမျိုးများအနေဖြင့် အပြန်အလှန် စစ်ခင်းကြခြင်းနှင့် ခုခံတော်လှန်နေခြင်းများသည် နိုင်ငံရေးအတွက် နောက်ဆုံးအဆုံးအဖြတ် ပေးနိုင်သော အဖြေကောင်းများ မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံရေးနှင့် တရားမျှတသော နည်းလမ်းများဖြင့် မိမိတို့လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများကို ရရှိနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်”ဟု ပြောသည်။
ထို့နောက် ခေတ်အဆက်ဆက် အုပ်ချုပ်သူများအနေဖြင့် နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံရေးသမာသမတ်မှုများကို မတွေ့ရှိခဲ့ရ ကြောင်း၊ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေအဝဝကို သုံးသပ်ပြီး နိုင်ငံရေးအရ နည်းလမ်းကောင်းများ ကို ရှာဖွေဖော်ထုတ်ကာ မိမိတို့ ကရင့်အမျိုးသားများ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသည်အထိ ဆက်လက်လျှောက် လှမ်းသွားပါမည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ်လက်မှတ်ထိုးနေစဉ်
အလားတူ လူမျိုးတစ်မျိုး အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးအပြင် လူမျိုးတစ်မျိုးအနေဖြင့် ဖွံ့ဖြိုးတိုးတက် နိုင်ရန် နည်းလမ်းများစွာရှိပြီး ထိုနည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ ကြိုးပမ်းအားထုတ်သွားကြရပါမည်ဟုလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းထားသည်။
ကရင့်အမျိုးသားနေ့ အခါသမယတွင် မိမိတို့ ကရင့်အမျိုးသားထုတစ်ရပ်လုံးအား တိုက်တွန်းလိုသည်မှာ မိမိတို့ အမျိုးသားများ ၏ သမိုင်း၊ ဂုဏ်အင်္ဂါရပ်များနှင့် အမျိုးသားလက္ခဏာ အစစ်အမှန်များကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကဲ့သို့ပင် ညီညီ ညွတ်ညွတ်ဖြင့် ဆက်လက်ဖော်ဆောင်ပြီး မြှင့်တင်ကြရန်၊ မိမိတို့ အမျိုးသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခြားသော ရပိုင်ခွင့် အခွင့်အရေးများအတွက် စည်းစည်းလုံးလုံးဖြင့် ကြိုးပမ်းအားထုတ်ပြီး အကောင်အထည်ဖော် ဆောင်ကြ ရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းထားသည်။
ထို့ပြင် လူမျိုးတိုင်းနှင့် ဘာသာတရားတိုင်းအတွက် လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံချက် ပေးနိုင် ပြီး နိုင်ငံသူ/သား အားလုံးနှင့် ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်စောင့်စားနေကြသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကြီးကို တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက် ကိုင်ဖြစ်ပြီး လက်ရှိတွင် တပ်မတော်နှင့် ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ကာ စစ်ရေးတင်းမားနေသည်။