CNI International News

ဒမတ်စကတ်၊ဖေဖော်ဝါရီ ၁၀

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အနီးသို့ ဝဲပျံလာသည့် အစ္စရေးဒုံးကျည် ၈ စင်းကို ဆီးရီးယားလေကြောင်းကာကွယ်ရေး စနစ်က ဖေဖော်ဝါရီ ၉ ရက်အစောပိုင်းက အောင်မြင်စွာ တုံ့ပြန်ပစ်ချနိုင်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းကာကွယ်ရေးစနစ်ကို ရုရှားက ပံ့ပိုးပေးခြင်း ဖြစ်ကြောင်းနှင့် တဲလ်အဗစ်မြို့ဘက်မှ ဆီးရီးယားဘက်သို့ အဝေးပစ်လက်နက်များဖြင့် ဆက်လက် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်ဟု rt.com တွင် သတင်းဖော်ပြထားသည်။

အစ္စရေး F-16 စစ်သုံးလေယာဉ် ၄ စင်းသည် ဖေဖော်ဝါရီ ၉ ရက်၊ ဒေသစံတော်ချိန် နံနက် ၁ နာရီဝန်းကျင်၌ ဒမတ်စကက် မြို့တော်ဧရိယာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ညပိုင်း ကောင်းကင်ယံတွင် ဝဲပျံလာသော ဒုံးကျည်များကို လေကြောင်း ကာကွယ်ရေးစနစ်မှ တုံ့ပြန်ပစ်ချနေပုံ ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်မီဒီယာများတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

အဆိုပါဒုံးကျည်များသည် ဘေရွတ်မြို့အရှေ့တောင်ဘက်ရှိ လက်ဘနွန်ဝေဟင်ပိုင်နက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဆီးရီးယားစစ်တပ်၏အဆိုအရ သိရသည်။

အစ္စရေးဒုံးကျည်ရှစ်စင်းကို ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ ရုရှားထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်မှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ဆီးရီးယားဘက်သို့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုပြုလေ့ရှိသော်လည်း အသိအမှတ်ပြု ဝန်ခံလေ့မရှိပေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များ ထဲသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်၌ တဲလ်အဗစ်က ကြေညာခဲ့သည်။

အစ္စရေးမြောက်ပိုင်းမြို့တစ်မြို့ဖြစ်သော နာဇရက်မြို့၏တောင်ဘက်ခြမ်းရှိ အမ်းအယ်လ်ဖဟမ်ဒေသတွင်လည်း ဆီးရီးယား ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း တဲလ်အဗစ်က ဆက်လက်ကြေညာခဲ့သည်။

အဆိုပါဒုတိယအကြိမ်တိုက်ခိုက်မှု၌ အစ္စရေးတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဘက်မှ လာသော ဒုံးကျည်များဖြစ်ပြီး ဒမတ်စကက်မြို့ဝန်းကျင်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားအာဏာပိုင်များက ပြောသည်။

အစ္စရေးတို့လက်ချက်ကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ကိုင်တွယ်နေသည့် တပ်သား ၃ ဦးနှင့် အခြားတပ်သား ၁ ဦးတို့ သေဆုံးကြောင်း၊ ၅ ဦး ဒဏ်ရာရကြောင်း ဆီးရီးယားမီဒီယာက ထုတ်လွှင့်ခဲ့သည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြစ်ပြီး ဂိုလန်ကုန်းမြင့်ဘက်မှ ဝဲပျံလာသော မြေပြင်ပစ် ဒုံးကျည် ၁၀ စင်းအထိ ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အစ္စရေးစစ်လေယာဉ်များကို ဆီးရီးယားဘက်သို့ နှစ်နှင့်ချီ၍ တိုက်ခိုက်နေခဲ့ပြီး အိမ်နီးချင်း ဆီးရီးယား၌ အီရန်တပ်များ ရှိနေ ခြင်းကြောင့် မိမိကို အန္တရာယ်ရှိစေကြောင်း အစ္စရေးဘက်မှ အကြောင်းပြထားသည်။

အဆိုပါလုပ်ရပ်များသည် ဆီးရီးယားအချုပ်အခြာအာဏာကို ထိပါးမှုအဖြစ် ဒမတ်စကက်အစိုးရက အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ရပ်တန့်ပေးရန် တောင်းဆိုနေခဲ့သည်။

Source: rt.com