CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နစက−က ဖိတ်ခေါ်ထားသည့် ထာဝရငြိမ်းချမ်းရေးအကြို ဆွေးနွေးပွဲကို တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
နစက၏ ဖိတ်ခေါ်ချက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအပိုင်းနှင့် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်ဟူ၍ နှစ်ပိုင်းရှိ သည့်အတွက် RCSS အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဘဲ ပြည်ထောင်စုနေ့ အခမ်းအနားကိုသာ အဖွဲ့အစည်းကို ကိုယ်စားမပြုသည့် ဝန်ထမ်းအဆင့် တက်ရောက်ရန် ညှိနှိုင်းနေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးစိုင်းခမ်းစံက “အဲဒီပြည်ထောင်စုနေ့က နှစ်ပိုင်းရှိတယ်ခင်ဗျ၊ ပထမတစ်ပိုင်းကျတော့ အခမ်းအနားပေါ့။ ပြည်ထောင်စုနေ့ အခမ်းအနားရယ်၊ နောက်တစ်ခုကျတော့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးဖို့ရယ်၊ အဲဒီနှစ်ပိုင်း ရှိတယ်ခင်ဗျ၊ ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးဆွေးနွေးဖို့ကျတော့ ကျနော်တို့ RCSS အနေနဲ့ မတက်ဘူးခင်ဗျ။ ပြည်ထောင်စုနေ့ အခမ်းအနားကတော့ မသိသေး ဘူးခင်ဗျ၊ သဘောထား မကျသေးပါဘူး၊ အဖွဲ့အစည်း level ထိပ်တန်းအဆင့်တွေတော့ တက်ရောက်ဖို့ မရှိဘူးခင်ဗျ၊ ဒါပေမယ့် ဆက်ဆံရေးရုံးလား၊ ဒါမှမဟုတ် တစ်ခုခု အဖွဲ့အစည်းကို ကိုယ်စားမပြုတဲ့ ဝန်ထမ်းအဆင့်လောက်တော့ တက်မလား မတက် ဘူးလားတော့ ညှိနှိုင်းနေဆဲ အဆင့်ပဲရှိသေးတယ်၊ တက်မလား မတက်ဘူးလားတော့ ကျနော်တော့ အတိအကျ မသိသေး ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲမှာ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်နှင့် ထာဝရ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နစက-က ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။
နစက၏ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲကို အပစ်ရပ် လက်နက်ကိုင်အဖွဲ့များထဲမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း မတက်ရောက်ဘူးဟု ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်နိုင်မှု၊ ကိုယ်စားပြုမှု ၊တရားဝင်မှု စသည့် အချက်များအရေးကြီးကြောင်း၊ ထိုအချက်များ မပါဝင်သည့်အတွက် RCSS အနေနှင့် မတက်ရောက်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
၎င်းက “အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို တစ်ဖက်တည်းနဲ့ ဆွေးနွေးလို့ မရဘူးလေ၊ အားလုံးပါဝင်နိုင်မှ၊ နောက် ကန့်သတ်ချက်မရှိတဲ့ အားလုံးပါဝင်နိုင်မှ၊ အဲဒါက အစည်းအဝေး ခေါင်းစဉ်းလောက်ပဲ ဖြစ်မယ်ထင်တယ်၊ အနှစ်သာရကျတော့ အရေးကြီးတယ်လေ။ ကိုယ်စားပြုမှုရယ်၊ တရားဝင်မှုရယ်၊ နောက်အားလုံးပါဝင်နိုင်မှုရယ် ဒီဥစ္စာက အရေးကြီးတယ်လေ” ဟု ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများမရှိသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)တို့နှင့် ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲများဖြစ်ပွားနေသည်။