CNI International News

ဘာရေတီစလာဗာ၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်နှင့် ကာကွယ်ရေးဆိုင်ရာ စစ်ရေးသဘောတူညီချက်ကို စလိုဗက်ကီးယားလွှတ်တော်နှင့် သမ္မတတို့က ဖေဖော်ဝါရီ ၉ ရက်တွင် အတည်ပြုခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်၌ တွေ့ရသည်။

အဆိုပါ သဘောတူညီချက်ကို ဥပဒေပြုလွှတ်တော်အတွင်း ၄ ပါတီ အာဏာရညွန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ်များနှင့် အတိုက်အခိုက်အမတ်များ စုစုပေါင်းနေရာ ၁၅၀ ရှိသည့်အနက် ၇၉ မဲ - ၆၀ မဲဖြင့် အတည်ပြုဆုံးဖြတ်ခဲ့သည်။

ထိုစာချုပ်အရ အမေရိကန်စစ်တပ်ကို စလိုဗက်ကီးယားနိုင်ငံရှိ လေတပ်အခြေစိုက် စခန်းနှစ်ခုဖြစ်သော မလက်ကီ-ကူချေနာ နှင့် စီလက်တို့အား ၁၀ နှစ်ကြာ အသုံးပြုခွင့် ပေးထားမည်ဖြစ်သည်။ ထို့အတွက် မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး) အဖွဲ့ဝင်အဖြစ် ခေတ်မီ လက်နက်တပ်ဆင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိမည်ဖြစ်သည်။

အမေရိကန်-စလိုဗက်ကီးယား နှစ်နိုင်ငံစစ်ရေး သဘောတူစာချုပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် စလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီး ဂျာရိုဆလက်နက်ဒ်တို့ ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်မြို့တော်၌ လက်မှတ်ရေးထိုးခဲ့ ကြသည်။ အဆိုပါစာချုပ်ကို စလိုဗလက်ကီးယားသမ္မတ ဇူဇနာကာပူတိုဗာက ဖေဖော်ဝါရီ ၉ ရက်တွင် အတည်ပြုပေးခဲ့သည်။

ထိုစာချုပ် ထွက်ပေါ်လာရေးအတွက် ယူကရိန်းကို ရုရှားကျူးကျော်မည့်အရေးကို အခြေခံ၍ ဦးတည်လျက် ဆွေးနွေးပြီး နောက် စလိုဗက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

စလိုဗက်ကီးယားသမ္မတကိုတွေ့ရစဉ်(GETTY IMAGES)

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်လည်းဖြစ်သည့် စလိုဗက်ကီးယားသည် ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ စာချုပ်နှင့်စပ်လျဉ်း၍ စလိုဗက်ဝန်ကြီးချုပ် အီဒွပ်ဟီဂါဦးဆောင်သော အစိုးရက ကျောထောက်နောက်ခံ ပေးထားပြီး “ကျနော်တို့ လုံခြုံရေးကို သိသိသာသာ မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်”ဟု အီဒွပ်ဟီဂါက ပြောကြားခဲ့သည်။

သို့သော် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟုဆို၍ အတိုက်အခံများက ပြင်းထန်စွာ ကန့်ကွက်နေကြသော် လည်း စလိုဗက်ကီးယား ပိုင်နက်နယ်မြေထဲတွင် အမေရိကန်တပ်များ အမြဲတမ်းရှိနေပြီး နျူကလီးယား လက်နက်များ ဖြန့် ကြက်ထားမည် ဖြစ်သည်။
အတိုက်အခံများ၏ စွပ်စွဲချက်များကို စလိုဗက်နှင့် အမေရိကန် အစိုးရအသီးသီးက ပယ်ချခဲ့သည်။

“ဒီကနေ့ သဘောတူစာချုပ်ထဲမှာ စလိုဗက်ကီးယားထဲ အမြဲတမ်း အမေရိကန်စစ်အခြေစိုက်စခန်း (ဒါမှမဟုတ်) တပ်ဖွဲ့ဝင် တွေ ရှိနေမယ်လို့ ထည့်ရေးထားတာမျိုး ဘာမှမပါ ပါဘူး။ အခုသဘောတူညီချက်ဟာဆိုရင် စလိုဗက်ကီးယားရဲ့ အချုပ်အခြာ အာဏာနဲ့ ဥပဒေတွေကို အပြည့်အဝ လေးစားလိုက်နာပြီးသား ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဘလင်ကင်က ပြောကြားခဲ့သည်။

စလိုဗက်လွှတ်တော်အမတ်များ အချေအတင် ဆွေးနွေးနေစဉ်မှာပဲ ဘာရေတီစလာဗာ မြို့တော်ရှိ လွှတ်တော် အဆောက်အအုံ ရှေ့တွင် ယခုစာချုပ်ကို ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်၌ လူထောင်နှင့်ချီ၍ စုဝေးခဲ့ကြသည်။

Source: AP