CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ချင်းပြည်သူ့တော်လှန်ရေး အင်အားစုများကို စုစည်း၍ အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)ထုတ်ပြန် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းပြည်နယ်နေ့(ချင်းအမျိုးသားနေ့) အထိမ်း အမှတ်အတွက် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
CNF က “စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဆန့်ကျင်ပြီး ပြည်ထောင်စု တည်ထောင်သူများ ၏ မျှော်မှန်းချက် အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲ ဝင်ကြရမည်၊ ချင်းပြည်သူ့တော်လှန် ရေး အင်အားစုများကို စုစည်း ၍ အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဖြစ်သည်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပြန်လည် ရယူသည့် ပြည်သူ့တော်လှန်ရေး၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင်များ၏ ကိုယ့်ကြမ္မာကိုယ်ဖန် တီးမှုကို ဖော်ဆောင်သည့် ပြည်သူ့တော်လှန်ရေး၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင်များကို အခြေခံပြီး အမျိုး သား တန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုကို ဖော်ဆောင်သည့် ပြည်သူ့ တော်လှန်ရေးဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့က (၇၀)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့သည်ကိုတွေ့ရစဉ်
CNF က “အာဏာရှင်များသည် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သူများ၏ မျှော်မှန်းချက်ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိစေရန် အတွက် ပြည်သူလူထု၏ အချုပ် အခြာအာဏာကို လုယူ၍ အာဏာရှင်စနစ်ဖြင့် ပြည်သူလူထုကို ညှင်းပန်း အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ပြီ ဖြစ် တယ်”ဟု ပြောသည်။
ထို့နောက် ချင်းလဲန်း၏ နိုင်ငံရေးရည်မှန်းချက်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ကျင့်သုံးသော ချင်းပြည်ထောင် တည် ဆောက်ရေး ဖြစ်ကြောင်း၊ ထို့ကြောင့် ချင်းပြည်ထောင် တည်ဆောက်ရေးသည် မိမိတို့၏ အမျိုး သားရေးတာဝန်ဖြစ် ကြောင်း၊ ချင်းလဲန်း၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍအရပ်ရပ်ကို ချင်းလဲန်းပြည်သူများ ကိုယ်တိုင် ကိုယ် ထူကိုယ်ထ တည်ဆောက်ကြရမည်ဟုလည်း CNF က ပြောသည်။
ချင်းပြည်ထောင် တည်ဆောက်ရေးလုပ်ငန်းတွင် ချင်းပြည်သူများသည် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကြားကာလချင်းအမျိုး သား အတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)တို့နှင့်အတူ ကျရာကဏ္ဍမှ တာဝန် ထမ်း ဆောင်ကြရမည်ဟု CNF က ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားခြင်းအပေါ် မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟု ဆိုကာ တပ်မတော်က ဖြုတ်ချ ခဲ့ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်။
လတ်တလော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများမှာ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ဖြစ်သည်။