CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မှော်စိန်ကျေးရွာ ဥရုချောင်းအတွင်း လုပ်ကိုင်နေသည့် ရွှေမျှောဖောင် ၃ ဖောင်ကို တပ်မတော်မှ ဖေဖော်ဝါရီ ၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မှော်စိန်ကျေးရွာရှိ ဥရုချောင်းတွင် ရွှေမျှောဖောင် ၁၇ ဖောင်ခန့်ရှိသည့်အနက် ၃ ဖောင်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မှော်စိန် ဒေသခံ ဦးမောင်အေး (အမည်လွှဲ)က ပြောသည်။

၎င်းက “သူတို့ဖောင်ရှို့လိုက်တာ ၃ ဖောင်ရှို့လိုက်တာ၊ ၁၆ ခုဆိုတာ အကုန်လုံးတော့ မရှို့ဘူး၊ ရှိတာမှ ၁၆ ဖောင်၊ ၁၇ ဖောင် လောက်ပဲ ရှိတာ၊ ၃ ဖောင်ကို ရှို့လိုက်တာ၊ သူတို့ မျှောသမားအချင်းချင်း တိုင်ကြတယ်လို့တော့ ပြောကြတယ်၊ ပြီးတော့ အခု လာရှို့တဲ့ သူတွေကြတော့လည်း ပိုက်ဆံကလည်း တောင်းတယ်တဲ့၊ ပြီးရင် စက်တွေရောပေါ့”ဟု ပြောသည်။

မီးရှို့ခံထားရသည့် ရွှေမျှောဖောင်များကိုတွေ့ရစဉ်

လက်ရှိတွင် အင်အား ၃၀ ခန့်ရှိသည့် တပ်ဖွဲ့တစ်ခုမှ မှော်စိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေရာယူထားကြောင်း သိရ သည်။

ဦးမောင်အေး (အမည်လွှဲ)က “ဥရုချောင်းမှာ မောင်းကြတာ၊ ဘာလို့လဲဆိုတော့ ပိုက်ဆံပေးလာ‌အောင် ရှို့တာလို့တော့ ထင် တာပဲ ကျ‌နော့်အထင်ကြတော့၊ ခုချိန်ထိ ရှိသေးတယ်။ ဖောင်တွေ မီးရှို့လိုက်တော့ သူတို့လည်း သိပ်မပေးချင်တော့ဘူးနဲ့ တူတယ်၊ အားကြောင့်မို့ ကြာနေတာ”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဥရုချောင်းအတွင်း တရားမဝင် ရွှေမျှောလုပ်ငန်းများ လုပ်ဆောင်နေကြကြောင်း၊ လက်ရှိတွင် နောင်ခမ်း၊ နောင်ပတ်၊ မှော်စိန်၊ မာလုံ၊ နောင်ပိုအောင် စသည့်နေရာများတွင် ရွှေမျှောဖောင် ၅၀၀ ကျော်အထိ တူးဖော် လုပ်ကိုင်နေကြောင်း သိရသည်။