CNI International News

လီမာ၊ ဖေဖော်ဝါရီ ၉

ပီရူးသမ္မတ ပီဒရိုကစ်တီလိုသည် အစိုးရ ထပ်တလဲလဲ ရင်ဆိုင်နေရသော အကျပ်အတည်းများ အဆုံးသတ်ဖို့ ၎င်းအပေါ် သစ္စာခံသူတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပေးလိုက်ပြီး ဖေဖော်ဝါရီ ၈ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
၎င်း၏စတုတ္ထမြောက်အစိုးရအဖွဲ့ အာဏာရကာလ ၆ လအတွင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တချိန်က ကျောင်းဆရာဖြစ်ခဲ့ပြီး မာ့က်စ်-လီနင်ဝါဒ ကိုင်စွဲသည့် ပါတီဝင်ဟောင်းလည်းဖြစ်ခဲ့သူ သမ္မတကစ်တီလိုသည် ယခု ဝန်ကြီးချုပ်ရာထူးကို ယခင်အစိုးရအဖွဲ့၌ တရားရေးဝန်ကြီး တာဝန်ယူခဲ့သူ အာနီဘယ်တိုးရော့စ် (Anibal Torres) ကို ပေး အပ်ခဲ့သည်။

ယခင် ပီရူးဝန်ကြီးချုပ်သည် ၎င်း၏သမီးနှင့် ကွယ်လွန်သူ ဇနီးသည်တို့အပေါ် အိမ်တွင်း အကြမ်းဖက်မှု စွဲချက်များကြောင့် ရာထူးလက်ခံပြီးနောက် ၄ ရက်အကြာ ပြီးခဲ့သည့် သီတင်းပတ်ကပင် ရာထူးမှ နှုတ်ထွက်ပေးခဲ့ရသည်။ သူ့ရှေ့မှ ဝန်ကြီးချုပ် သည်လည်း ရဲအရာရှိများ ခန့်အပ်ရေးနှင့်ပတ်သက်၍ သမ္မတ ကစ်တီလိုနှင့် သဘောထားချင်း မတိုက်ဆိုင်၍ နှုတ်ထွက် သွား ခဲ့သည်။

ပီရူးသမ္မတ ပီဒရိုကစ်တီလိုကို တွေ့ရစဉ်(Reuters)

သမ္မတသည် ရင်းနှီးမြှုပ်နှံသူနှင့် နည်းပညာရှင်ဖြစ်သူ အော်စကာဂရေဟမ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက် ခန့်အပ် ခဲ့ပြီး ထိုရာထူးမှာလည်း ယခင်သီတင်းပတ်ကပင် သက်တမ်းတိုလှသော အစိုးရဝန်ကြီးအဖွဲ့(ကက်ဘိနက်)အတွင်း ပေးအပ် ခဲ့ပြီးသော ရာထူးပင်ဖြစ်သည်။

ကွန်ဂရက်(လွှတ်တော်)တွင် ကစ်တီလိုကို စွပ်စွဲအပြစ်တင်ရန် အတိုက်အခံများက ယမန်နှစ်ပိုင်း ဒီဇင်ဘာလကတည်းက ကြိုးပမ်းနေခဲ့ကြသော်လည်း မဲအလုံအလောက် မရခဲ့ပေ။

ကစ်တီလို၏ အစိုးရအဖွဲ့သစ်ကို အတိုက်အခံများ ထိန်းချုပ်ထားသော လွှတ်တော်က အတည်ပြုပေးရန် လိုအပ်နေသေးသည်။

ကစ်တီလိုသည် ၎င်း၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့(ကက်ဘိနက်)နှစ်ရပ်စလုံးအတွက် ထောက်ခံမှုရရှိခဲ့သော်လည်း တတိယအကြိမ် ဖွဲ့စည်းခဲ့သော ကက်ဘိနက်မှာ ပြိုကွဲသွားခဲ့သည်။ ထို့နောက် ယခု စတုတ္ထ အကြိမ်မြောက် အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ သမ္မတသည် ၎င်း၏ မွေးရပ်ပြည်နယ်ဖြစ်သည့် ချိုတာ(Chota)ရိုးရာ ဦးထုပ်ကို ဝတ်ဆင်ခဲ့ပြီး ထိုဦးထုပ်ကို သမ္မတရာထူး စယူစဉ်ကတည်းက တလျှောက်လုံး ဝတ်ဆင်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ချိုတာရိုးရာ ဦးထုပ်ဆောင်းပြခဲ့သူ သမ္မတနှင့် ဝန်ကြီးချုပ်အသစ်ပါ ထိုအခမ်းအနား၌ အမှာစကား ပြောကြားခဲ့ခြင်း မရှိပေ။

Source: Reuters