CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉
သထုံခရိုင်၊ ဘားအံ(ဖားအံ)မြို့နယ်ရှိ နယ်ခြားစောင့်တပ်(BGF)များ စစ်တပ်နှင့် မပူးပေါင်းဘဲ ထွက်ခွာရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ နှုတ်ထွက်ရန် ကြေညာခြင်းက စစ်တပ်အင်အား ချိနဲ့ဖို့ ဖြစ်သည်ဟု KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတော နီးက ပြောသည်။
သထုံခရိုင်၊ တပ်ရင်း(၁)က မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း BGF နှင့် ပြည်သူ့စစ်(ပသစ)များ မိမိလုပ်ငန်းတာဝန်မှ ထွက်ပေး ရန်၊ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်၊ သထုံခရိုင်၊ ဘားအံမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေအရ BGF တပ်စခန်း၌ နေထိုင်သော မိသားစုဝင်များအားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အောက်ခြေ တပ်ရင်းအသီးသီးအနေနှင့် စစ်ရေးအခြေအနေအရ လိုအပ်၍ ထုတ်ပြန် ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြော သည်။
ပဒိုစောတောနီးက “အဓိကကတော့ ဒီစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတွေ ချိနဲ့သွားအောင်၊ ပြုတ်ထွက်သွားအောင်ဆိုပြီးတော့ သူတို့လုပ်တဲ့ အပိုင်းတွေလည်း ရှိတယ်လေ။ ကျနော်တို့ သုံးပိုင်းရှိတယ်။ ပထမအချက်ကတော့ BGF တွေနဲ့ နယ်ခြားစောင့် တပ်၊ ပြည်သူ့စစ်အဖွဲ့တွေရယ်၊ နောက်တစ်ချက်က သူတို့နဲ့ဆိုင်တဲ့ မိသားစုတွေရယ်၊ နောက်တစ်ချက်ကတော့ အရပ်သား အုပ်ချုပ်ရေး အပိုင်းတွေ အထူးသဖြင့် စစ်ကောင်စီ အုပ်ချုပ်ရေးအပိုင်းတွေ အဲဒီသုံးခုပဲရှိပါတယ်။” ဟု ပြောကြားသည်။
ပဒိုစောတောနီးကိုတွေ့ရစဉ်
ထို့နောက် သထုံခရိုင်၊ ဘားအံမြို့နယ်တွင် နစက လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အရပ်ဘက်ဆိုင်ရာ ဌာန အသီးသီးမှ ဝန်ထမ်းများအားလုံး မိမိလက်ရှိလုပ်ငန်းတာဝန်များမှ နုတ်ထွက်ပေးရန်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော် ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းရာ အထက်ခေါင်းဆောင်ပိုင်းကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် ကရင်နယ်ခြားစောင့်တပ်များသည် တပ်မတော်နှင့် ပူးပေါင်းလှုပ်ရှားနေသည့် အခြေအနေများလည်း ရှိနေ ကြောင်း၊ ထို့ကြောင့် KNU အနေနှင့် မလွှဲမရှောင်သာ တိုက်ခိုက်ရမည့် အခြေအနေများလည်း ဖြစ်လာကြောင်း ပဒိုစောတော နီးက ပြောသည်။
၎င်းက “ကျနော်တို့ မူဝါဒအရတော့ ဘာမှအပြောင်းအလဲ မရှိပါဘူး၊ ကိုယ့်အချင်းချင်းတွေကတော့ တတ်နိုင်သလောက် နားလည်မှုရှိရှိနဲ့ သွားတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ သို့သော်ငြားလည်းပဲ အကောင်အထည်ဖော်တဲ့အပိုင်းမှာ အထူးသဖြင့် မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အထူးသဖြင့် စစ်ကောင်စီနဲ့ ပူးပြီးကပ်ရပ်နေတဲ့ ဟာတွေကျ မလွှဲသာမရှောင်သာ ဘယ်လိုမှ ရှောင်လို့မရတဲ့ အပိုင်းက ဒါကလုပ်သွားရတဲ့ အပိုင်းတွေလည်း ရှိပါတယ်၊ ဖြစ်လည်းမဖြစ်စေချင်ဘူး၊ သို့သော် ရှောင်လို့မရတဲ့ အနေအထားကတော့ ဒီလိုမျိုးဖြစ်လာတာပေါ့”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကရင်နယ်ခြားစောင့်တပ်(BGF)များကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ဆောင်ရန်နှင့် ပူးပေါင်းမှု မလုပ်ရန် KNU တပ်မဟာ(၅)က သတိပေးစာ ထုတ်ပြန် ခဲ့သေးသည်။
အဆိုပါ သတိပေးစာ ထုတ်ပြန်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ မဲပလိ BGF စခန်းကို KNU က တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် လမ်းစ ရှာမရပဲ ဖြစ်နေကြ သည်။