CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့မှ မောင်တောတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အသွားအလာကန့်သတ်မှုများလည်း ရှိနေကြောင်း မောင်တောဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ဦး (အမည်လွှဲ)က CNI သတင်းဌာနကို ပြောသည်။

“လမ်းပေါ်မှာ ဖြစ်တာဆို‌တော့ ဒီကုန်သည်ကူးသန်းနေတဲ့ကားတွေကတော့ လောလောဆယ်တော့ တားမြစ် ခံထားရတာပေါ့၊ အသွားအလာမလုပ်ရဘူး။ ကျီးကန်းပြင်ဌာနချုပ်ကနေပြီး‌တော့ ကြိမ်ချောင်း ဂိတ်တွေကို အကုန် ပိတ်ထားတယ်၊ ကုန်တင်နေတဲ့ကားတွေလည်း မသွားရဘူး၊ ခရီးသည်တင်တဲ့ ကားတွေလည်း မသွားရဘူးဆိုတော့ ရှေ့လျှောက်ပြီးတော့ နည်းနည်းစိုးရိမ်တာပေါ့၊ ဘယ်လိုစိုးရိမ်တာလဲဆိုတော့ ဒီမှာ ဈေးဝယ်နေတဲ့လူတွေက တစ်ရက်လိုအပ်တာ တစ်ရက်လိုက်ဝယ်နေရတာကို မြို့ပေါ်တွေမှာလို ဂိုဒေါင်ကြီးတွေ ဆောက်ပြီးတော့ ကုန် ပစ္စည်းတွေ သိုလောင်ထားတဲ့ နေရာဒေသမဟုတ်ဘူးလေ၊ အဲဒါကြောင့် ရှေ့ကို နည်းနည်းစိုးရိမ်တာပေါ့၊ ဒီလိုမျိုး ရေရှည်ပိတ်ထားမယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ တအားနစ်နာကြမှာ” ဟု ကိုအောင်ဦး (အမည်လွှဲ) က ပြော သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်တွင် သစ်တင်သည့် ကားတစ်စီး ရှော့တိုက်ဒုံးပစ်ခံရခြင်းကြောင့် ကားဒရိုင်ဘာ တစ်ဦးနှင့် ကားပိုင်ရှင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဒေသခံများအနေဖြင့် အေးဆေး တည်ငြိမ်စွာနှင့် အသက်ရှုချောင်နေရုံရှိသေးကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် အဖြေရှာစေချင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက CNI သို့ ပြောသည်။

“တိုက်ပွဲဆိုတာ မဖြစ်လေ ကောင်းလေပဲ၊ ပြည်သူတွေက ဒီလိုအချိန်အခါမျိုးမှာ ကပ်ကြီး (၃) ပါး ကပ်ဆိုက် နေတဲ့အခါမျိုးမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာမယ်ဆိုရင် တော်တော်ကို ဒေသခံတွေက တစ်နှစ်ကျော်လောက် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ အသက်ရှုချောင် နေရုံပဲရှိသေးတယ်ပေါ့၊ အဲဒီ စစ်ပွဲရဲ့ အနိဌာရုံတွေကို ပြန်ခံစားရမယ်ဆိုတော့လည်း ပြည်သူတွေက ဒီအပေါ်မှာ အဖြေရှာစေချင်တာပေါ့ဗျာ၊ နိုင်ငံရေးကို နိုင်ငံ‌ရေးနည်းနဲ့ အဖြေရှာစေချင်တာပေါ့၊ ကျနော်တို့ကလည်း အဲလိုပါပဲ တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဖြေရှင်းလို့မရတဲ့အခါမှ ဖြစ်ကြတာဆိုတော့လေ၊ ဖြေရှင်းဖို့ အခြေအနေအခွင့်အခါ ပေးရင်တော့ ဒီတိုက်ပွဲကို ဖြေရှင်းပြီး‌‌တော့ပဲ အေးအေး ဆေးဆေးဖြစ်စေချင်ပါတယ်” ဟု ပြောသည်။

မောင်တောတွင် ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများလည်း ရှိခဲ့သလို လက်ရှိမှာလည်း စီးပွား‌ရေးနှင့် ကူးသန်းအရောင်းအဝယ်ပြုလုပ်နေသည့် ဒေသခံများအတွက် သွားလာ ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဦးဖေသန်းက “ကျနော်တို့လည်း စိုးရိမ်ကြောင့်ကြပါတယ်၊ မဖြစ်စေချင်ပါဘူး၊ အခြားနိုင်ငံရေး တနည်းနည်းနဲ့ ဆွေးနွေးကြပေါ့၊ လောလောဆယ်တော့ သေနတ်မဖောက်တာ ကောင်းပါတယ်၊ ကိုယ့်ဟာနဲ့ကိုယ် နေပြီးတော့ ပေါ့နော်၊ ကိုယ့်အပိုင်းနဲ့ကိုယ်ပေါ့၊ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပေါ့၊ တည်တည်ငြိမ်ငြိမ်နေပြီးတော့ ဒီလို တစ်ဖက်ကို တစ်ဖက်သွားပြီး ထိတွေ့တိုက်ပွဲဖြစ်တာတွေပေါ့၊ တစ်ဖက်နယ်မြေကို တစ်ဖက်က ကျူးကျော်တာတွေပေါ့၊ အဲလိုမျိုးဖြစ်မယ်ဆိုရင်တော့ ဒီတိုက်ပွဲက ပိုမိုကျယ်ပြန်လာလိမ့်မယ်၊ ဒီဖက် ULA/AA အဖွဲ့ကလည်း ပြင်းပြင်း ထန်ထန် ဒီအပေါ်မှာ ခုခံပါလိမ့်မယ်၊ အဲဒါကို ကျနော်တို့က အစပြောသလိုပေါဗျာ တည်ငြိမ်အေးချမ်းနဲ့ ဖြစ်နိုင်ရင် အကောင်းဆုံးပဲလို့ အဲလိုပဲ မှတ်ချက်ပြုပါတယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် မြန်မာ့ တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းနှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူအချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ သည်။