CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၂
 
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တက် ရောက်မည် ဖြစ်ကြောင်း ယနေ့(မေလ ၁၂ ရက်)ထုတ်ပြန်ခဲ့သည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က EAOs ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ တက်ရောက်မည့် ကိုယ်စားလှယ် စာရင်းကို မေလ ၉ ရက်နေ့ နောက်ဆုံးထား ပေးရန် ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။
 
RCSS က "တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း မရှိမဖြစ် လိုအပ်ပါသည်"ဟု ပြောသည်။
 
 
RCSS သည် နစကဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက် မည့်လား သို့မဟုတ် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ ဦးဆောင် တက်ရောက်မည်လားကိုတော့ မသိရသေးပေ။
 
RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်သည်။