CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မတူကွဲပြားမှုကို သာလွန်အင်အားအဖြစ် စုစည်း၍ ပြည်သူလူထု၏ အသံကိုနားထောင်လျက် ဘုံရည်မှန်းချက်များ အမြန်ဆုံး ရောက်ရှိအောင်မြင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ(CRPH) က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) ထုတ်ပြန် တိုက်တွန်းခဲ့သည်။

ယနေ့ ကျရောက်သည့် ရှမ်းပြည်အမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ ပေးပို့သည် သဝဏ်လွှာမှာ CRPH က အထက်ပါ အတိုင်း ထည့်သွင်း ပြောထားခြင်းဖြစ်သည်။

CRPH က “မတူကွဲပြားမှုကို သာလွန်အင်အားအဖြစ် စုစည်း၍ ပြည်သူလူထု၏ အသံကို နားထောင်လျက် တိုင်းရင်းသား ပြည်သူအပေါင်းနှင့် သက်ဆိုင်သူ နိုင်ငံရေးအင်အားစုအားလုံးက အတိတ်မှ သင်ခန်းစာ၊ အတွေ့အကြုံများကို ရယူလျက် လက်တွေ့ကျသော လက်တွဲပူးပေါင်းမှုများဖြင့် မိမိတို့၏ ဘုံရည်မှန်းချက်များ အမြန်ဆုံး ရောက်ရှိအောင်မြင်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းသွားကြပါစို့”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က ရှမ်းပြည်နယ်အမျိုးသားနေ့ကျင်းပနေစဉ်(Info SSPP)

ထို့နောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူ မနှေးအမြန်ပေါင်း၍ လွတ်လပ်ရေးရယူ မည်ဟူသော သဘောတူဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ကြောင်း၊ ထိုသို့ တောင်တန်း ပြည်မမခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုဆိုလျှင် ရှမ်းပြည်နယ်နေ့ ၇၅ နှစ်မြောက်ခဲ့ပြီ ဖြစ် ကြောင်း CRPH ၏ သဝဏ်လွှာမှာ ဖော်ပြထားသည်။

CRPH ကိုယ်စားလှယ်များကိုတွေ့ရစဉ်(CRPH)

၎င်းက “စစ်အာဏာရှင်အဆက်ဆက်၌ ဒေသအသီးသီးတွင် မတရားဖိနှိပ်မှုများနှင့် ၎င်းတို့အလိုကျ မူဝါဒများ ချမှတ် အကောင်အထည်ဖော်ခဲ့မှုတို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားများအကြား အမုန်းတရားများ ကြီးထွားခဲ့ရပြီး ယခုအချိန် သည် ယင်းပြဿနာများ၏ တရားခံဖြစ်သော စစ်အာဏာရှင်များကို တိုင်းရင်းသားပြည်သူများက လက်တွဲညီညီ အတူ တကွ တွန်းလှန်တိုက်ထုတ်ပြီး မိမိတို့၏ ကံကြမ္မာကို ကိုယ်ပိုင်ဖန်တီး၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရမည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေးကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ ခဲ့သည်။

ထို့နောက် ဒီမိုကရေစီအရေးတောင်းဆို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ဖော် ဆောင်၍ CRPH၊ NUG၊ NUCC တို့ဦးဆောင်ကာ တပ်မတော်ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။