CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ထိုင်းရေတပ်သည် တရုတ်လုပ် ရေငုပ်သင်္ဘောများ မှာထားမှုကို စောင့်ဆိုင်းနေစဉ်အတွင်း ထိုင်းရေတပ်မှ စစ်မှုထမ်းများ လတ်တလော လေ့ကျင့်သင်ကြားနိုင်ရန် ၎င်းတို့သုံးပြီးသား ရေငုပ်သင်္ဘောနှစ်စင်းကို ပံ့ပိုးမည်ဟု တရုတ်မှ အလွတ်သဘော ကမ်းလှမ်းလာခဲ့ကြောင်း ထိုင်းရေတပ်ဦးစီးချုပ် အဒမ်ဆွမ်ပရာဆောင် နေးစမိုင်းလ်က ဖေဖော်ဝါရီ ၆ ရက်တွင် အတည်ပြု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အဒမ်ဆွမ်ပရာဆောင်က သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ထိုင်းရေတပ်မှ မှာယူထားသော S26T Yuan-class ရေငုပ်သင်္ဘောကို ဝူဟန်မြို့တွင် တပ်ဆင်နေရင်း ဂျာမနီနိုင်ငံ၊ MTU စက်မှု လုပ်ငန်းထံမှ ရေငုပ်သင်္ဘော အင်ဂျင်ဝယ်ယူရေ အခက်အခဲကြုံနေရသဖြင့် ယခုကဲ့သို့ တရုတ်က သုံးပြီးသားသင်္ဘောကို လတ်တလော ယူထားရန် တရုတ်ရေတပ်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရေတပ်မှ သတင်းရင်းမြစ်တစ်ခုက ဘန်ကောက်ပို့စ်ကို ရှင်းပြသည်။

တခြားတစ်နိုင်ငံသို့ ပြန်လည်ရောင်းချမည့် ရေငုပ်သင်္ဘောအသစ်တွင် တပ်ဆင်ရန် အင်ဂျင်မှာယူကြောင်း ဂျာမနီ သိရှိပြီး နောက် ဂျာမန်ရေငုပ်သင်္ဘောအင်ဂျင်များ တရုတ်ကို ရောင်းချပေးရန် ဂျာမနီက ငြင်းဆန်ခဲ့သည်။ ထို့နောက် ထိုင်းနှင့် တရုတ် တို့အကြား ကောင်းမွန်သော ဆက်ဆံရေးအပြင် တပတ်ရစ် ရေငုပ်သင်္ဘော ပံ့ပိုးပေးရန် တစိတ်တပိုင်း ကမ်းလှမ်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်နဲ့ ရေငုပ်သင်္ဘောကိုတွေ့ရစဉ်

စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ဆဲဖြစ်၍ ရေငုပ်သင်္ဘော အပြီးသတ်တင်ပို့မှုကို ယမန်နှစ် စက်တင်ဘာလတွင် စီစဉ်ထားခဲ့ သလို အထမမြောက်တော့ဘဲ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ရွှေ့ဆိုင်းခဲ့ရသည်။

တရုတ်ထံမှ ရေငုပ်သင်္ဘော ဝယ်ယူရေးမှာ လက်ရှိ ထိုင်းဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ် ကာကွယ်ရေး ဝန်ကြီးအဖြစ် ထမ်းဆောင်စဉ်ကတည်းက သဘောတူခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖေဖော်ဝါရီ ၆ ရက်က နောက်ဆုံးဖြစ်ပေါ် တိုး တက်မှု အခြေအနေ မေးမြန်းခဲ့ရာ “သတင်းကောင်းကို မျှော်လင့်နေပါသည်” ဟူ၍သာ မှတ်ချက်ပေးခဲ့သည်။

ထိုအတောအတွင်း ရေယာဉ်များ ပြုပြင်ထိန်းသိမ်းမှု စရိတ်များကို တတ်နိုင်သမျှ ထည့်သွင်းတွက်ချက်နိုင်ရန် အဖွဲ့တစ်ခု ဖွဲ့မည်ဟု ထိုင်းရေတပ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

Source: Bangkok Post