CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇

နစက၏ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ကရင် အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

နစက-က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက NCA လက်မှတ် မရေး ထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ငြိမ်းချမ်းရေးဆွေးနွေးလိုသည်ဟု ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ပြန် ဖိတ်ခေါ်ခဲ့သည်။

နစက၏ ဖိတ်ခေါ်မှုသည် နောက်ကျနေပြီဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအရ ငြိမ်းချမ်းရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ KNU အနေနှင့် ချမှတ်ထားပြီးဖြစ်သည့် လမ်းကြောင်းအတိုင်းသာ ဆက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ပဒိုစောတောနီးက “အခုအချိန်ကျမှပဲ အကန့်အသတ် မရှိဘဲနဲ့ ကြိုတင်စည်းကမ်းချက်မရှိဘဲ ဆွေးနွေးနိုင်တယ်၊ ပြောလာ တယ်ဆိုတာကလည်း အချိန်က နှောင်းခဲ့ပါပြီလို့ ကျနော်ပြောပါရစေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သဘောတူညီချက် ထားကြပြီးတော့ လက်မှတ်ရေးထိုးခဲ့ကြတယ်၊

ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဆန္ဒ သန့်သန့်ရှင်းရှင်းနဲ့ ကျနော်တို့ သွားကြမယ်ဆို တဲ့ဟာ၊ အဲဒီလို သဘောတူညီခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ တကယ်တမ်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ စတင်လာတဲ့အခါမှာ ကျနော်တို့ သဘောတူညီထားတဲ့ အချက်ကို တစ်ချက်မှ မလိုက်နာဘဲ တခါတည်း အကုန်လုံးကို ဖောက်ဖျက်ပြီး နောက်ဆုံးကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အဓိကကျတဲ့ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့၊ တစ်တိုင်းပြည် လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သူ့အခြေခံမူကို လုံးဝဖျက်ဆီးပစ်လိုက်တယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို တခြားသောခေါင်းဆောင်များနှင့်အတူတွေ့ရစဉ်

ဒီအချိန် ဒီကာလမှာ၊ ကျနော်တို့ကတော့ ရှင်းတယ်လေ၊ ကျနော်တို့ ရှေ့ဆက်ရမယ့် သွားရမယ့် ခရီးလမ်းက ကျနော်တို့ ရှင်းရှင်းလင်းလင်း ကျနော်တို့ ချမှတ်ထားပြီး သားအပေါ်မှာ ကျနော်တို့ သွားစရာရှိတာ သွားကြမှာပဲ”ဟု ပြောသည်။

နစက-က ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက် မထား ဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှော ဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် KNU သည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ တပ်မတော် အနေနှင့် နိုင်ငံရေးမှ စွန့်ခွာရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ပဒိုစောတောနီးက “ကျနော့် သဘောထားကလည်း အထပ်ထပ် အခါခါ ပြောပြီးသွားပြီ။ ဒီအချိန် ဒီကာလမှာ စစ်တပ်က နိုင်ငံ ရေးက စွန့်ခွာပြီး ဘားတိုက်ပြန်ဖို့ကိစ္စက တစ်အချက်၊ ဒုတိယအချက်က ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကျနော်တို့ တိုင်းပြည်ကို ထူထောင်မယ်။ သို့သော် ကျနော်တို့ ဖြတ်သန်းမှုအရ တွေ့ကြုံရတဲ့ အခြေအနေ အားလုံးက ငြိမ်းချမ်းရေး တည် ဆောက်ရာမှာပဲ ဖြစ်ဖြစ်၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားရမှာပဲဖြစ်ဖြစ် ကျနော်တို့အတွက် တကယ့် အဟန့်အတားတစ်ခုက စစ်တပ်၊ ဒီစစ်တပ်ရှိလို့ ကျနော်တို့က ဘာမှ လုပ်လို့မရဘူး၊

ငြိမ်းချမ်းရေးလည်း တည်ဆောက်လို့ မရဘူး၊ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ကို တည်ဆောက်လို့မရဘူး၊ အဲဒါကြောင့် ဒီစစ်တပ်မရှိမှဘဲ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ကျနော် တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရမှာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အခု အဓိကလုပ်ရမယ့်ဟာက စစ်အာဏာ ရှင်စနစ်ကို တည်ဆောက်နေတဲ့ သူတွေရယ်၊ ခေါင်းဆောင်နေတဲ့ သူတွေရယ် စစ်အာဏာသိမ်းပြီး ခေါင်းဆောင်နေတဲ့ သူတွေ ရယ်ကို ရှင်းထုတ်မှပဲ ကျနော်တို့သွားနေတဲ့လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်မှာပဲ ဖြစ်တယ်”ဟု ပြောသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ထို့နောက် နစက-က တိုင်းရင်းသား ပြည်သူလူထုများအနေနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင် ကန့်သတ် ချက် မထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စိန်ရတု ပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်း အကျိုးဆောင် တိုက်တွန်းနှိုးဆော် ပေးရန် ထုတ်ပြန်ချက်တွင် ပြောထားသည်။

KNU သည် NCA ထိုးထားသည့် လက်နက်ကိုင်ဖြစ်ကြောင်း၊ တပ်မတော်က NLD အစိုးရကို ဖြုတ်ချလိုက်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရပ်တန့်နေကြောင်း၊ ဒီမိုကရေစီအင်အားစုများကို လူသားချင်စာနာထောက်ထားမှုအရ ထိန်းချုပ်နယ် မြေအတွင်း နေထိုင်ခွင့်ပေးထား၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နစက-က စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန် ထားသည်။