CNI International News

အိုဒါဒူးကူး(ဘာကီနာဖာဆို)၊ဖေဖော်ဝါရီ ၇

အနောက်အာဖရိကတွင် အဖြစ်များလွန်းနေသည့် စံနမူနာတစ်ခု ပေါ်ပေါက်နေဆဲဖြစ်သည်။ ယခုတလော အဆိုပါ ဒေသတွင်းရှိ နိုင်ငံအချို့တွင် လက်နက်ကိုင်တပ်သားများက သမ္မတတစ်ဦးကို ဖမ်းဆီးပြီးနောက် တတိုင်းပြည်လုံး သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာရန် အစိုးရပိုင်အသံလွှင့်ဌာနကိုပါ ထိန်းချုပ်လိုက်လေ့ရှိသည်။ နိုင်ငံတကာ မှ ရှုတ်ချအပြစ်တင်မှုများ အလျင်အမြန် ထွက်ပေါ်လာသော်လည်း စစ်အစိုးရကတော့ အာဏာ ဆက်လက် ဆုပ် ကိုင်နိုင်ဆဲဖြစ်သည်ဟု အေပီသတင်းဌာနက သုံးသပ်ရေးသားသည်။

အနောက်အာဖရိက၏ အာဏာသိမ်းမှု လှိုင်းသစ်သည် ၂၀၂၀ ပြည့်နှစ်က မာလီနိုင်ငံမှ စတင်ခဲ့ပြီး နောက်တစ်နှစ် ၂၀၂၁ တွင် ဂီနိတွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်း၌ ဘာကီနာဖာဆိုနိုင်ငံတွင် စစ်တပ် က အာဏာသိမ်းခဲ့သည်။ ထို့နောက် ရက်သတ္တတစ်ပတ်အကြာ ဂီနိဘစ်စောနိုင်ငံတွင် သေနတ်သမားများက နာရီ ပေါင်းများစွာကြာအောင် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဂီနိဘစ်စောသမ္မတကို ဖြုတ်ချဖို့ ကြိုးစားသော်လည်း မအောင်မြင်သည့်အာဏာသိမ်းမှုဖြစ်သွားခဲ့သည်။

၎င်းဒေသတွင်း၌ စစ်ရေးအင်အားသုံး၍ အာဏာသိမ်းယူခြင်းသည် အသစ်အဆန်းတော့ မဟုတ်။ အနောက် အာဖရိ တွင် ၁၉၄၆ ခုနှစ်ကတည်းက အလားတူအဖြစ်အပျက်များ ရှိခဲ့သော်လည်း ထိုအလေ့အထမှာ ပြီးခဲ့သည့် ဆယ် စုနှစ်များအတွင်း လျော့ကျသွားခဲ့သည်။

ယခုအခါ ECOWAS ဟု ခေါ်သည့် ဒေသတွင်းအဖွဲ့အစည်းက ၎င်း၏အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၃ နိုင်ငံကို ဒီမို ကရေစီလမ်းကြောင်းပေါ် ပြန်တက်စေဖို့ မည်သို့လုပ်ဆောင်ပေးရမည့်အရေးအတွက် ခေါင်းခဲနေရသည်။ ပြီးခဲ့ သည့် ၁၈ လအတွင်း ECOWAS အဖွဲ့ဝင် ၃ နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။

“အာဏာသိမ်းမှု ကူးစက်တယ်ဆိုတဲ့အယူအဆကို ဆန့်ကျင်ပြီး အငြင်းအခုံလုပ်ဖို့က ပိုခက်တဲ့သဘောရှိတယ်ဗျ။ တစ်နေရာမှာ အာဏာသိမ်းလိုက်တယ်လို့ ကြားတာနဲ့ တခြားတနေရာမှာ သိမ်းဖို့တကဲကဲ လုပ်ချင်နေတဲ့ အစိတ် အပိုင်းတွေကို လှုံ့ဆော်ပေးတယ်။ မနှစ်က ဖြစ်စဉ်တွေက ကွင်းဆက်လို ဖြစ်နေခဲ့တယ်” ဟု အင်္ဂလန်အခြေစိုက် Verisk Maplecroft သုတေသနအဖွဲ့မှ အာဖရိကအရေးလေ့လာသုံးသပ်သူ အဲရစ်ဟမ်ဖာရီစမစ်က ပြောသည်။

ဆာဟာရသဲကန္တာရ၏တောင်ဘက်ရှိ ကျယ်ဝန်းလှသော ဆာဟဲဒေသတွင် အစ္စလာမ္မစ်အစွန်းရောက်များ၏ အကြမ်းဖက်မှုများ ကြီးထွားလာချိန်၌ အာဏာသိမ်းမှုအရှိန်တက်လာခဲ့ပြီး မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံတို့တွင် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော အစိုးရများကို ဆန့်ကျင့်ဖို့ လှုံ့ဆော်မှုအသစ်များ ထွက်ပေါ်လာခဲ့ သည်။

အစ္စလာမ္မစ်အစွန်းရောက်များ၏ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသော နိုင်ဂျာနိုင်ငံတွင်လည်း ထိရှလွယ်သည့်ကြားမှ လုံခြုံရေးတပ်များ ယမန်နှစ်က အာဏာသိမ်းရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့လုပ်ရပ်များ ရပ်တန့်သွားခဲ့၍ တော်သေးသည်။

“အနောက်အာဖရိက စစ်အာဏာသိမ်းမှုတွေက အချင်းချင်း သွေးကွဲစေတဲ့အကြောင်းရင်းအမျိုးမျိုးကြောင့် တကျော့ပြန်ဖြစ်လာတာဗျ” ဟု စီးပွားရေးထောက်လှမ်းအကဲခတ်မှုယူနစ်အဖွဲ့ (Economist Intelligence Unit) မှ အရှေ့အလယ်ပိုင်းနှင့်အာဖရိကရေးရာသုတေသီ ရက်ခ်မီနီစေယယ်က ပြောသည်။

ဒေသတွင်း နိုင်ငံရေးမတည်ငြိမ်မှုများက အဆိုပါနိုင်ငံများတွင် အမြစ်တွယ်နေပြီး ဒီမိုကရေစီအကျိုးအမြတ်တွေကို နှေးကွေးပြီး ဆုတ်ယုတ်သွားစေကြောင်း ၎င်းက ထောက်ပြသည်။

စစ်အာဏာသိမ်း အချို့နိုင်ငံများတွင် ရွေးကောက်ပွဲအသစ်များ ပေါ်ပေါက်လာမည်ဟု ပြည်သူများက မျှော်လင့် ကြ၍ စစ်အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများလည်း မကြာခဏတွေ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုနိုင်ငံတွင်တော့ ပြီးခဲ့သည့်သီတင်းပတ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ပြည်သူများက စစ်တပ်က အာဏာသိမ်းမှုမှာ “နောက်တောင် နောက်ကျနေပြီ” ဟူ၍ ကြိုဆိုခဲ့ကြသည်။

မာလီနိုင်ငံတွင် အနောက်အာဖရိကဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် ECOWAS က မာလီလက်ရှိအစိုးရ၏ ရွေးကောက်ပွဲနှောင့်နှေးမှုကို အကြောင်းပြ၍ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အာဏာ လက်ဝယ်ရှိ စစ်တပ်ကို ထောက်ခံသူများက ထောင်နှင့်ချီ၍ လမ်းပေါ်ထွက်ကာ ECOWAS ၏လုပ်ရပ်ကို ဆန္ဒပြ ခဲ့ကြသည်။

Source: AP