CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်သားအချင်းချင်း မညီညွတ်ဘဲ ကွဲပြားနေခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ကွဲပြားနေခြင်းကြောင့် အခြားဒေသများမှ ပုဂ္ဂိုလ် များက ရှမ်းပြည်ကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခဲ့ကြကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။

ထို့နောက် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လူမျိုးစုပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းနိုင်ရေးသည် ငြိမ်းချမ်း စွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမှတပါး အခြားနည်းလမ်းမရှိကြောင်း ယနေ့(ဖေဖော်ဝါရီ ၇ ရက်)ကျရောက်သည့် (၇၅) နှစ်မြောက် ရှမ်းအမျိုးသားနေ့ မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စိုင်းညွန့်လွင်က “တကယ်တမ်းပြောရင် ရှမ်းပြည်သားတွေဟာ အချင်းချင်း မညီမညွတ် ကွဲပြားနေကြပြီးတော့ တိုက်ခိုက်နေ ကြတာပါ၊ အဲလိုကွဲပြားနေကြတဲ့ ကာလတွေမှာ ပြည်ထောင်စုအစိုးရ အမည်ခံထားတဲ့ အဲဒီပုဂ္ဂိုလ်တွေကသာ အခြားဒေသက လူတွေကသာ ရှမ်းပြည်ကြီးကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခဲ့ကြတယ်ဆိုတာကို နက်နက်နဲနဲ စဉ်းစားတတ်သူတိုင်း သိကြမှာ ဖြစ်ပါတယ်။

အဲမှာ လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်ကတော့ ရှမ်းပြည်သားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်သွားကြရေးဆိုတဲ့ နည်းလမ်းကလွဲပြီးတော့ အခြားနည်းလမ်း မရှိတော့ဘူးလို့ ကျ‌နော်တို့ မြင်မိပါတယ်၊ တကယ်လို့ များ ပြောခဲ့သလို ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်နိုင်ကြမယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် အာဏာရှင် အမျိုး မျိုးရဲ့ အုပ်ချုပ်မှုတွေ အောက်ကနေပြီးတော့ အလွတ်ရုန်းထွက်ဖို့လည်း အောင်မြင်မှုကို ကျနော်တို့ ဆောင်ရွက်နိုင်မယ်လို့ ယူဆမိပါတယ်”ဟု ပြောသည်။

ရှမ်းပြည်အမျိုးသားနေ့ SNLD ပါတီ အခမ်းအနားကျင်းပနေစဉ် (SNLD-fb)

ပြည်ထောင်စု မတိုင်ခင် ကာလများတွင် ရှမ်းပြည်နယ်သားအချင်းချင်း စည်းလုံးညီညွတ်မှုရှိခဲ့ကြကြောင်း၊ လက်ရှိတွင် ရှမ်း ပြည်နယ်သားများ စည်းလုံးညီညွတ်မှု မရှိသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့နေရကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်တွင် လူမျိုးပေါင်းစုံ နေထိုင်ကြသည့်အလျှောက် ညီညီညွတ်ညွတ်ဖြင့် အေးအတူပူအမျှ နေထိုင်ရန် လိုအပ် ကြောင်း တအာင်းအမျိုးသားပါတီ(TNP)မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ပြောသည်။

မိုင်းအုဏ်းခိုင်က “ရှမ်းပြည်ကတော့ လူမျိုးပေါင်းစုံ အားလုံးစုပေါင်း နေထိုင်ကြတယ်လေနော့်၊ ညီညီညွတ်ညွတ် စုစုစည်းစည်း နဲ့ အေးအတူပူအမျှပေါ့ဗျာ၊ တန်းတူရည်တူ နေထိုင်သွားကြဖို့တော့ အများကြီး လိုအပ်တာပေါ့‌၊ ဒီအပေါ်မှာဆိုရင် တိုင်းရင်း သားတွေ အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လေးတွေ လိုအပ်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လေးတွေ ရမယ်ဆိုရင်‌တော့ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ရှမ်းပြည်ကတော့ အောင်အောင်မြင်မြင် ထူထောင် နိုင်လိမ့်မယ်လို့ ကျနော်တို့ကတော့ ယုံကြည်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်သားအချင်းချင်း စည်းလုံးညီညွတ်ရေးမှာ စစ်ရေးနည်းလမ်းထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း၊ စုပေါင်းအဖြေရှာပါက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူမှာ အောင်မြင်သွား မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်အမျိုးသားနေ့ SNLD ပါတီ အခမ်းအနားကျင်းပနေစဉ် (SNLD-fb)

စိုင်းညွန်လွင်က “အခုပြောခဲ့တဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှည်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှမ်းအဖွဲ့အစည်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကနေပြီး ဒီကနေ့ မနက်ပိုင်းမှာ မူဝါဒ ကြေညာချက်အနေနဲ့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်၊ အဓိကအားဖြင့် ရှမ်းပြည်အတွင်း နေထိုင်ကြသူအားလုံးဟာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်သွားကြဖို့ဆိုတဲ့ ရှမ်းအဖွဲ့အစည်းတွေရဲ့ သဘောထားကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်တွင် တအာင်း၊ ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ၊ ဝ၊ ကိုးကန့်၊ အာခါ၊ ဓနု၊ ပအိုဝ်း၊ လားဟူ အပါအဝင် တခြားသော တိုင်းရင်းသားလူမျိုးစုများလည်း နေထိုင်ကြသလို လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လူမျိုးစုအလိုက် တည်ရှိနေ ကြောင်း သိရသည်။