CNI International News

တူနစ် ဖေဖော်ဝါရီ ၇

တူနီရှားသမ္မတသည် အကျင့်ပျက် ခြစားမှု သံသယများနှင့် နိုင်ငံရေးအရ စွဲချက်တင်ထားသော အမှုအခင်းများကို လွဲမှားနိုင် ကြောင်း အခိုင်အမာအကြောင်းပြ၍ တရားစီရင်ရေးမဏ္ဍိုင်ကို ဖျက်သိမ်းရန် အစီအစဉ် ရေးဆွဲနေကြောင်း အေပီ သတင်းအရ သိရသည်။

အဆိုပါ အစီအစဉ်သည် သမ္မတတစ်ဦးတည်း အလွန်အမင်း အာဏာချုပ်ကိုင်နေခြင်း၏ နောက်ဆုံးသာဓက တစ်ခုသာဖြစ် ကြောင်း အတိုက်အခံများက ပြောကြသည်။

ထင်ရှားသော လက်ဝဲခေါင်းဆောင်တစ်ဦးနှင့် အစ္စလာမ္မစ် လှုပ်ရှားမှုကို ပြတ်သား စွာ ဝေဖန်သူတစ်ဦးတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည့် ၉ နှစ်မြောက် နှစ်ပတ်လည်‌နေ့နှင့် တိုက်ဆိုင်လျက် တူနီရှားနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာကောင်စီကို ဖျက်သိမ်း ရန် သမ္မတကိုင်းစ်ဆာအိ (Kais Saied) ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနသို့ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သမ္မတဆာအိ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး တရားသူကြီးအချို့သည် နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု အပါအဝင် အမှုအခင်းများကို ရပ်တန့်စေခဲ့ကြောင်း စွပ်စွဲပြောကြား၍ တရားရေးမဏ္ဍိုင်ရှိ ထိပ်တန်းအဖွဲ့ဝင်များကို ရှုတ်ချအပြစ်တင်ခဲ့သည်။

တူနီးရှားက တရားစီရင်ရေးဆိုင်ရာကောင်စီကိုတွေ့ရစဉ်(EPA)

“တရားစီရင်ရေးဆိုင်ရာကောင်စီဟာ အခုအချိန်ကစပြီးတော့ အတိတ်မှာ ကျန်ခဲ့ပြီ”ဟု သမ္မတက သဘောထား မှတ်ချက်ပေး ခဲ့ပြီး ယာယီကောင်စီ ဖွဲ့စည်းရန်အမိန့်ကို မကြာမီ ထုတ်ပြန်သွားမည်ဟု မှာကြားသွားခဲ့သည်။

အတိုက်အခံခေါင်းဆောင် ချိုကရီဘီလိပ်သည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တွင် ၎င်း၏ နေအိမ်အပြင်ဘက်၌ ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခြင်း ခံခဲ့ရသည်။ သူသည် ထိုစဉ်က အာဏာပိုင်များ၏ အန်နာဒါ အမည်ရှိ အစ္စလာမ္မစ်လှုပ်ရှားမှု ကို ပြတ်သားစွာ ဝေဖန်ခဲ့သူ ဖြစ်သည်။ နောက်ထပ် ၆ လအကြာတွင် လက်ဝဲနိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက် ဘရာဟီမီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြန်သည်။

တူနီးရှားနိုင်ငံသည် ၂၀၁၃ ခုနှစ် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု နှစ်ခုအပြီး ရှုပ်ထွေးသည့် နိုင်ငံရေး အကျပ်အတည်းထဲသို့ ကျရောက်သွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အာရပ်နွေဦးဟု ခေါ်ကြသည့် ဒီမိုကရေစီအရေး အုံကြွမှုများတွင် တူနီရှားနိုင်ငံသည် အစပျိုးပါဝင်ခဲ့ပြီး မြောက်အာဖရိကဒေသ၌ စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်ရန် အခွင့်အရေး အကောင်းဆုံး ရရှိသည့် နိုင်ငံအဖြစ်လည်း နိုင်ငံတကာက အသိအမှတ်ပြုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ၌ တနိုင်ငံလုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆာအိသည် ၎င်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ခဲ့ပြီး အုပ်ချုပ်ရေးအာဏာ အလုံးစုံကို ၎င်းတစ်ဦးတည်း ရယူခဲ့သည့်အပြင် လွှတ်တော်ကိုလည်း ဆိုင်းငံ့ထားလိုက်သည်။

Source: AP