CNI International News

စန်ဂျိုစီ၊ ဖေဖော်ဝါရီ ၇

ကော်စတာရီကာနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က အမျိုးသားအဆင့် ရွေးကောက်ပွဲကျင်းပခဲ့ရာ ကိုယ်စားလှယ်လောင်း ၂၅ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး သမ္မတဟောင်းတစ်ဦးက အစောပိုင်း ထွက်ပေါ်လာသော မဲရလဒ်များအရ ရှေ့ဆုံးရောက်နေကြောင်း အေပီ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၁၉၉၄ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ၎င်းနိုင်ငံ၏ သမ္မတဖြစ်ခဲ့ဖူးသူ ဂျိုစီမာရီယာဖီဂွါရက်စ်သည် ဖေဖော်ဝါရီ ၆ ရက်ညပိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ ထုတ်ပြန်သော ရလဒ်များအရ စုစုပေါင်း မဲအရေအတွက်၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်း ရရှိနေခဲ့ပြီး မဲရေတွက်မှု အခြေအနေမှာတော့ ၁၃ ရာခိုင်နှုန်းသာ ပြီးစီးသေးသည်။

ဖီဂွါရက်စ်သည် ယခုရွေးကောက်ပွဲ၌ အမျိုးသားလွတ်မြောက်ရေးပါတီ (NLP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
အကယ်၍ ကိုယ်စားလှယ်လောင်းတစ်ဦးသည် အနည်းဆုံး စုစုပေါင်း မဲအရေအတွက်၏ ၄၀ ရာခိုင်နှုန်း ရရှိခဲ့လျှင် ထိပ်ဆုံး ရောက်သွားသည့် ကိုယ်စားလှယ်နှစ်ဦးတို့သည် လာမည့် ဧပြီလ ၃ ရက်တွင် ထပ်မံယှဉ်ပြိုင် ရဦးမည်ဖြစ်သည်။

ကော်စတာရီကာ ရွေးကောက်ပွဲတွင် မဲပေးနေသူ(AP)

ပြီးခဲ့သည့် ၄ နှစ်က သမ္မတ ကားလို့စ်အယ်ဗာရာဒိုကို ရှုံးနိမ့်ခဲ့သော ဖာဘရီစီယိုအယ်ဗာရာဒိုက ၁၇ ရာခိုင်နှုန်း၊ ဆိုရှယ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီမှ ရိုဒရီဂိုချာဗက်က ၁၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် ခရစ်ယာန် လူမှုစည်းလုံးရေးပါတီမှ ဒုတိယ သမ္မတဟောင်း လီနက်ဆာဘိုရီယိုက ၁၅ ရာခိုင်နှုန်းစီ အသီးသီး ရရှိခဲ့ကြသဖြင့် ဖီဂွါရက်စ်သည် အဆိုပါ ၃ ဦးအနက်မှ တစ်ဦး ဦးနှင့် ဒုတိယအကျော့ မဲပေးမှု၌ ယှဉ်ပြိုင်ရမည်ဟု သိရသည်။

ကော်စတာရီကာ နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များ စုဆောင်းမှုကြောင့် စွဲချက် အတင်ခံရထားသော သမ္မတ အယ်လ်ဗာရာဒိုအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ရုပ်သိမ်းရန် ကြိုးပမ်းသည့် တရားရေးဆိုင်ရာ စာရွက်စာတမ်းများ တင်သွင်းပြီး ရက်ပိုင်းအကြာ ထိပ်တန်းအစိုးရရှေ့နေက ယခုရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်အသစ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

မဲဆန္ဒရှင်အများစုသည် မည်သူ့ကို ဦးစားပေး ရွေးချယ်ရမှန်း တိတိကျကျ မဆုံးဖြတ်ရသေးကြောင်း ရွေးကောက်ပွဲ အကြို ကာလတွင် ကောက်ယူခဲ့သော စစ်တမ်းများက အကြံပြုထားကြသည်။

ကော်စတာရီကာ နိုင်ငံသားများအကြား အလုပ်လက်မဲ့ များပြားနေခြင်း၊ မကြာသေးမီ အများပြည်သူဆိုင်ရာ ကိစ္စရပ်များ၌ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခြင်း၊ Covid-19 ကူးစက်မှုနှုန်း တက်နေခြင်းတို့ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

နိုင်ငံသားအချို့ကတော့ လတ်တလော အခက်အခဲများ ကျော်လွှားလိုခြင်းကြောင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက မဲရုံများ တွင် လူစည်ကားနေခဲ့သည်။ မဲဆန္ဒရှင်များသည် တစ်နေ့တာလုံး ကြာမြင့်စွာ တန်းစီ၍ မဲပေးခဲ့ကြသည်။ လူတစ်ဦးချင်းစီ အတွက် လက်ဆေးရန်၊ နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် မဲရုံအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် ထိန်းသိမ်း ကြီးကြပ် ခဲ့ကြသည်။

Source: AP