CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၆
စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) တက်ရောက် ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါ သည်ဟု နစက-က ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)ထုတ်ပြန် ခဲ့သည်။
လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ထာဝရ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပသွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
နစက-က “စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့သည် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီ တက်ရောက်ကြပါရန်နှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည် ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်း ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး ကြပါရန် အထူးဖိတ်ကြားအပ်ပါသည်”ဟု ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက တိုင်းရင်းသားလက်နက်ကိုင်များ မျက်နှာစုံညီ အစည်းအဝေးကျင်းပနေစဉ်
ထို့နောက် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက် ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေး နည်းလမ်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
နစကအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ဆက်လက် စီမံဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်း များမှအပ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက NCA လက် မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်ဟု ဆိုသည်။
ထို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မ ထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ကြောင်း နစက-က ပြောသည်။
နစကသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ ၃ ရပ်ကို ဖွဲ့စည်းဆောင် ရွက်လျက်ရှိသည်။
အဆိုပါ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ၁၆ ကြိမ်၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၂ ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံပြီး ဖြစ်ကြောင်း နစက-က ထုတ်ပြန်ထားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြသည်။
NCA မထိုးရသေးသည့် အဖွဲ့များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက် တစ်တပ်မတော်(MNDAA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN)တို့ဖြစ်ကြသည်။