CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

အိန္ဒိယသည် အရှေ့ဘက်ခြမ်း နာဂဒေသကို စိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင် လာ နေသည်ဟု ဦးယုံးအောင် ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။

NSCN/GPRN သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂဒေသတွင် မလိုလားအပ်သော လှုပ်ရှားမှု ဆောင်ရွက်နေသည့် အိန္ဒိယ အစိုးရ၏ ဆိုးရွားသော အကြံအစည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဦးယုံးအောင်၏ NSCN က “မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့များက နာဂအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သဘောထားကွဲလွဲမှုများ၊ မုန်းတီးရေး၊ တင်းမာမှုများ လှုံ့ဆော်လျက် နာဂဒေသ ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် ၎င်း၏ နိုင်ငံရေးသြဇာလွှမ်း မိုးမှု ထိန်းသိမ်းရန်နှင့် ဟန်ချက်ညီစေရန်အတွက် အိန္ဒိယသည် မြန်မာ့နိုင်ငံရေးတွင် အမြဲတမ်းဆိုသလို နှစ်ဖက် ကစားမှုမျိုး ရှိ သည်။ ထို့ကြောင့် အိန္ဒိယသည် ပဋိပက္ခ၏ နှစ်ဘက်စလုံးနှင့် လိုက်လျောညီထွေရှိအောင် ထိန်းညှိလျက် နာဂဒေသ အတွင်း အရှေ့ဘက်ခြမ်း နယ်မြေစိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင်လာသည်” ဟု ပြော သည်။

ထို့နောက် အိန္ဒိယ၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည်တွင်းရေးပဋိပက္ခတွင် အပြစ်မဲ့ နာဂလူငယ်များကို လွဲမှားစွာအသုံးချရန် လေ့ကျင့်ပေးခြင်း၊ လက်နက်ကိုင်စေခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်သည် နာဂတို့၏ ဇာတိမြေပေါ်တွင် ရှုပ်ထွေးမှုများနှင့် အထင်မှားစရာများစွာကို ဖန်တီးရာရောက်ပါသည်ဟုလည်း SNCN ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့သော် NSCN က မည်သူတို့ ဖွဲ့စည်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်းကိုတော့ မပြောပေ။
လက်ရှိတွင် နာဂဒေသနှင့် ခန္တီးဒေသဘက်တွင် နွေဦးတော်လှန်ရေးမှာ ပါဝင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များ ဖွဲ့ စည်း၍ လှုပ်ရှားသည် လက်နက်ကိုင်အဖွဲ့တချို့ရှိကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယတပ်မတော်အရာရှိနဲ့ မြန်မာ့တပ်မတော်အရာရှိကိုတွေ့ရစဉ်

NSCN/GPRN က နာဂဆန့်ကျင်ရေး စိတ်ဓာတ်များ ဖန်တီးနေသူ မည်သူမဆို သည်းခံနေမည်မဟုတ်ဘဲ အထူးသဖြင့် နာဂ နယ်မြေ၏ အရှေ့ဘက်ခြမ်း ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲခြင်းမျိုး လက်ခံမည်မဟုတ်ဟု ဆိုသည်။

၎င်းက “NSCN/GPRN သည် အိန္ဒိယ(သို့မဟုတ်) မြန်မာနိုင်ငံ၏ ပြည်တွင်းအသီးသီး၏ နိုင်ငံရေးများတွင် ပါဝင်ပတ်သက် ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း အသိပေးလိုပြီး နာဂနယ်မြေကို ခွဲခြားရန် ကြိုးပမ်းလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန် ထန် ကန့်ကွက်ပါသည်”ဟု ပြောသည်။
ဒီမိုကရေစီတိုက်ပွဲတွင် နာဂပြည်သူများကို စာနာစိတ်နှင့်ဝမ်းနည်းမှုများ မျှဝေခံစားခဲ့သော်လည်း မြန်မာ့နိုင်ငံရေး မတည် ငြိမ်မှုကြောင့် နာဂများအပေါ် ခွဲထုတ်ခြင်းအား ခွင့်မပြုနိုင်ဘူးဟုလည်း ဦးယုံးအောင် ဦးဆောင်သည့် NSCN က ပြောသည်။

NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက်ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။

ကွယ်လွန်သွားပြီဖြစ်သည့် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်ကိုတွေ့ရစဉ်

လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးသဘော တူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ရေးထိုးထားသည်။

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေး ရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-NK ဆိုသော အမည် ကို သုံးကာ ဦးယုံးအောင်က NSCN-YA ဟု အတိုကောက်ခေါ်ဝေါ်ကြသည်။ 

ဆက်စပ်သတင်း--- (နာဂ၏လွတ်လပ်ခွင့်ကို ငြင်းပယ်လည်း နောက်မဆုတ်ဘူးဟု NSCN ဥက္ကဋ္ဌ ယုံးအောင်ပြော)

https://cnimyanmar.com/index.php/political-2/politics-local/3998-nscn-3