CNI News


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အိန္ဒိယနှင့်မြန်မာတို့က နာဂတို့၏ လွတ်လပ်ခွင့်ကို အင်အားသုံးနှိမ်နင်းခြင်းဖြင့် ငြင်းပယ်နေပေမယ့် နာဂတို့ နောက်ဆုတ် အရှုံးပေးမည်မဟုတ်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-YA)ဥက္ကဋ္ဌ ဦးယုံးအောင်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ကျရောက်သည့် NSCN/GPRN တည်ထောင်ခြင်း ၄၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားတွင် ဥက္ကဋ္ဌဖြစ်သူ ဦးယုံးအောင်က အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

NSCN-YA ဥက္ကဋ္ဌ ဦးယုံးအောင်က “အိန္ဒိယနဲ့မြန်မာနှစ်နိုင်ငံစလုံးက နာဂတွေကို အင်အားသုံး နှိမ်နင်းခဲ့ပြီး ကျနော်တို့ လွတ် လပ်မှုကို ဆက်ပြီးငြင်းပယ်နေတာ အောင်မြင်မယ်လို့ သူတို့လုံးဝယုံကြည်ထားကြပေမယ့် နာဂတွေကတော့ ဆုတ်ခွာ အရှုံး ပေးခြင်းကို ဘယ်တော့မှ ဆုတ်ကိုင်ထားဖို့မရှိပါဘူး။ လွတ်လပ်သူတွေ ဖြစ်ရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ အိပ်မက်ကို ဘယ် အာဏာကမှ လာပြီးတော့ ဖျောက်ဖျက်လို့မရပါဘူး”ဟု ပြောသည်။
ထို့နောက် ၁၉၇၅ ခုနှစ်၊ ရှီလုံသဘောတူညီချက်(Shillong Accord)နှင့် နာဂအမျိုးသားကောင်စီ(NNC) တို့ ပျက်ပြားသွား ပြီးနောက် ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နာဂအမျိုးသားလှုပ်ရှားမှု၏ အခန်းကဏ္ဍနှင့်တာဝန်များကို ထမ်းဆောင် ရန်နှင့် နောက်ထပ် နစ်နာဆုံးရှုံးရခြင်းတို့မှ ကယ်တင်ရန် NSCN/GPRN ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟုလည်း ဆိုထား သည်။

NSCN-YA ဥက္ကဋ္ဌ ဦးယုံးအောင်က “အာဏာရှင်မှာ နှလုံးသားမရှိသလို အမှန်တရားကို မသိပါဘူး၊ အာဏာနဲ့ရက်စက်ကြမ်း ကြုတ်ခြင်း သက်သက်အတွက်ပဲ လောဘရှိပါတယ်။ဒါကတော့ နာဂနိုင်ငံကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၇ ခုအတွင်း အိန္ဒိယက သိမ်း ပိုက်ခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုပဲဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ သိမ်းပိုက်ခံထားရတဲ့ နာဂလူမျိုးတွေအတွက် အပြည် ပြည်ဆိုင်ရာဥပဒေတွေ တန်ဖိုးထား၊ အလေးထားပြီးတော့ သူတို့အနာဂတ်တွေကို ဆုံးဖြတ်ပိုင်ခွင့်ပေးဖို့ နိုင်ငံ တကာ အသိုင်း အဝိုင်းက ကိုယ်ကျင့်တရားနဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်တွေ ယူရမယ့်အချိန် ကျရောက်လို့ လာပြီဖြစ်ပါ တယ်”ဟု ပြောသည်။

                                                                                       အိန္ဒိယနဲ့မြန်မာ တပ်မတော်အရာရှိကိုတွေ့ရစဉ်

ယနေ့ အချိန်အထိ အိန္ဒိယသည် နာဂပြဿနာကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒမရှိကြောင်း၊ အိန္ဒိယအစိုးရ အဆက်ဆက်သည် ကတိကဝတ်အတိုင်း လိုက်နာရန် ပျက်ကွက်ခဲ့ကြကြောင်း ၎င်းက ပြောသည်။

NSCN-YA ဥက္ကဋ္ဌ ဦးယုံးအောင်က “ဒီကနေ့ ဒီအချိန်အထိ အိန္ဒိယဟာ နာဂပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒမရှိခဲ့ပါဘူး၊ အိန္ဒိယအစိုးရအဆက်ဆက်ဟာ သူတို့ ကတိကဝတ်အတိုင်း လိုက်နာဖို့ပျက်ကွက်ခဲ့ကြပါတယ်။ နာဂအရေး ပြောဆိုပေးဖို့ လိုလားတဲ့ နိုင်ငံရေးအုပ်စုတွေကလည်း သူတို့ရဲ့ကြွေးကြော်သံတွေနဲ့ သဘောထားကွဲလွဲမှုတွေ ကြားထဲမှာ ပိတ်မိနေပြီး တော့ အိန္ဒိယဗျူရိုကရက်တွေကို ထိန်းကျောင်းဖို့ ကျွမ်းကျင်မှု ဆုံးရှုံးခဲ့ရပါတယ်။ အချုပ်အခြာအာဏာကို စွန့်လွတ်ရတဲ့ နေ့မှာပဲ နာဂအရေးဖြေရှင်းချက်လို့ခေါ်တဲ့ နိုင်ငံရေးအသိပညာကို လက်လွတ်ခဲ့ရပါတယ်”ဟု ပြောသည်။
NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

                                                                                                 NSCN-IM ဥက္ကဋ္ဌ မွီးဗာကိုတွေ့ရစဉ်

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက်ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။
လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးသဘော တူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ရေးထိုးထားသည်။

                                                                                           ဖြုတ်ချခံ ဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်နဲ့အဖွဲ့ကိုတွေ့ရစဉ်

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

                                                           NSCN ဒုစစ်ဦးစီးချုပ်ဟောင်း နီကီဆူမီကိုတွေ့ရစဉ်

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေး ရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-NK ဆိုသော အမည် ကို သုံးကာ ဦးယုံးအောင်က NSCN-YA ဟု အတိုကောက်ခေါ်ဝေါ်ကြသည်။