CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

ပြီးခဲ့သည့်နှစ် အရပ်သားအစိုးရ ဖြုတ်ချခံရပြီးကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ တရားစီရင် ရေးမဏ္ဍိုင် ထိပ်တန်းအဖွဲ့ဝင်များနှင့် အဓိကဝင်ငွေရရှိသည့် လုပ်ငန်းများထဲမှ တစ်ခုကို ပိတ်ဆို့အရေးယူများ ဘိုင်ဒန်အစိုးရ က ဇန်နဝါရီ ၃၁ ရက်တွင် ချမှတ်လိုက်ကြောင်း အေပီက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဌာနများရှိ လူပုဂ္ဂိုလ်အချို့ကို ပိတ်ဆို့အရေးယူကြောင်း အရပ်သားဦးဆောင်အစိုးရအား စစ်တပ်အုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အရေးပေါ်အခြေအနေ ကြေညာခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်၍ ဘိုင်ဒန်အစိုးရက ကြေညာခဲ့ခြင်း ဖြစ် သည်။

အဆိုပါ အရေးယူမှုအရ အမေရိကန် တရားစီရင်ပိုင်ခွင့်အတွင်းမှ ပိုင်ဆိုင်မှုမှန်သမျှ ကန့်သတ်ခံရမည်ဖြစ်ပြီး အမေရိကန် နိုင်ငံသားများအနေဖြင့် ၎င်းတို့နှင့် ဆက်စပ်၍ စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်လိုက်သည်။ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့ ကလည်း အလားတူအစီအမံများ ဖြည့်စွက်သွားမည်ဖြစ်ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားထားသည်။

“မြန်မာပြည်သူတွေအတွက် သူတို့ရဲ့ဒီမိုကရေစီအသံကို တပ်မတော်က ဆက်လက် ငြင်းဆိုနေသရွေ့ ကာလပတ်လုံး တပ်နဲ့ထောက်ခံသူတွေအပေါ် ထပ်မံအရေးယူသွားမှာပါ” သမ္မတ ဂျိုးဘိုင်ဒန်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

                                                                                   ရှေ့နေချုပ် ဒေါ်သီတာဉီးကိုတွေ့ရစဉ်

“မြန်မာပြည်သူတွေအတွက် ခင်ဗျားတို့ရဲ့ ရုန်းကန်ကြိုးစားမှုတွေကို ကျနော်တို့ မမေ့ပါဘူး။ ပြီးတော့ ခင်ဗျားတို့နိုင်ငံအတွက် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းပေးဖို့ ခင်ဗျားတို့ရဲ့ ရဲရင့်တဲ့သန္နိဋ္ဌာန်ကို ကျနော်တို့ ဆက်ပြီး ထောက်ခံ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

တရားစီရင်ရေးကဏ္ဍအတွက် ယခုပိတ်ဆို့အရေးယူမှု အသစ်များတွင် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားလွှတ်တော်ချုပ် တရား သူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးတို့ ပါဝင်ကြသည်။

စီးပွားရေး လုပ်ငန်းဆိုင်ရာ ပိတ်ဆို့အရေးယူမှုအနေဖြင့် မြန်မာ့စီးပွားရေး အချက်အချာဖြစ်သော ရန်ကုန်က အဓိက ဆိပ်ကမ်းတစ်ခုကို လုပ်ကိုင်နေသည့် KT Services and Logistics ကုမ္ပဏီနှင့် ၎င်း၏အမှုဆောင်အရာရှိချုပ်အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝယ်ယူတင်သွင်းရေး ဆိုင်ရာဌာနကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အမေရိကန်က နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်လက်တွဲပြီး အကြမ်း ဖက်မှုတွေ ရပ်တန့်ပေးဖို့ ဖိအားပေးရန်၊ မတရား ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးရန်၊ လူသားချင်း စာနာမှု အကူအညီ တွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန်နှင့် မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တက်ဖို့ လုပ်ဆောင်သွားမှာပါ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောကြားခဲ့ကြောင်း သိရသည်။

Source: AP