CNI International News

ကိုလံဘို၊ ဖေဖော်ဝါရီ ၂

အငြင်းပွားဖွယ်ရာ လုံခြုံရေးအက်ဥပဒေကို သီရိလင်္ကာအစိုးရ ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေပညာရှင်များ ကော်မရှင်(ICJ)က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းက ဖော်ပြထားသည်။

လက်ယာယိမ်းအစိုးရ၏ အဆိုပြုချက်ဖြစ်သော ပြုပြင်ပြောင်းလဲရေးများသည် စိတ်ပျက်စရာကောင်းအောင် လုံလောက် ပြည့်စုံမှုမရှိကြောင်း ၎င်းအဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(PTA)သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် သံသယရှိသူများကို ဖမ်းဆီးထောင်ချရန် အခွင့်အာဏာပေးထားသည်။

“PTA ဥပဒေအောက်တွင် သီရိလင်္ကာနိုင်ငံအတွင်း (သို့မဟုတ်) နိုင်ငံပြင်ပတွင် သံသယရှိသော မည်သည့်လူပုဂ္ဂိုလ်၊ အသင်း အဖွဲ့၊ အဖွဲ့အစည်းများ၏ လွတ်လပ်မှုကို အကန့်အသတ်မရှိ ထင်သလို ချုပ်ကိုင်ခွင့်ပြုထားကြောင်း” ICJ မှ လူ့အခွင့်အရေး ရှေ့နေများက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

                                                                                           ICJ အစည်းအဝေးကျင်းပနေစဉ်(AFP)

ချုပ်နှောင်ကာလ လျှော့ချခြင်းနှင့် ၁၂ လကြာ ထိန်းသိမ်းခံထားရသူများကို အာမခံခွင့်ပြုပေးခြင်းများ ထည့်သွင်းထားသည့် ဥပဒေပြင်ဆင်ရေး အဆိုပြုချက်သည် “တရားခွင်ရှေ့မှောက်တွင် ကြားနာခွင့်မရဘဲ တစ်နှစ်ပတ်လုံး လွတ်လပ်ခွင့် ဆုံးရှုံးရ မည့် အခြေအနေရှိနေကြောင်း” ၎င်းရှေ့နေအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

ယမန်နှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် PTA ဥပဒေနှင့်ပတ်သက်၍ ချက်ချင်းဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ရန် (သို့မဟုတ်) တိကျ အချိန်ဇယား သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော တောင်အာရှကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် အတိုက်အခံများနှင့် လူနည်းစုများ အပေါ် ပစ်မှတ်ထားသည့် ယင်းဥပဒေကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြောင်း ဝေဖန်သူများက သတိပေးခဲ့ကြသည်။

PTA ဥပဒေအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကတည်းက အစိုးရက အကျဉ်းချထားခဲ့သော သီရိလင်္ကာ လူ့အခွင့်အရေးရှေ့နေ ဟီဂျက်ဟစ်ဇ်ဘူလာကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုနေချိန်တွင် ယခုကဲ့သို့ ယင်းဥပဒေ ရုပ်သိမ်းရန် ICJ တောင်းဆိုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

၎င်းကို ၂၀၁၉ ခုနှစ် အီစတာဗုံးဖောက်ခွဲမှု ကျူးလွန်သူများနှင့် ဆက်နွှယ်၍ ထောင်ချခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာ အာဏာ ပိုင်များက ပြောသည်။ သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်းစစ်နောက်ပိုင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်သည့် အဆိုပါ ဗုံးဖောက်ခွဲ မှုအတွင်း လူ ၂၅၀ ကျော်သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့သည်။

ဟစ်ဇ်ဘူလာကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူအဖြစ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က မှတ်ယူလျက် ၎င်းကို စွဲချက်တင်ခြင်းနှင့် ဖမ်းဆီးထားခြင်းမှ ချက်ချင်းလွှတ်ရန် သီရိလင်္ကာအစိုးရအပေါ် တောင်းဆိုထားသည်။ ပြီးခဲ့သည့် လက ဟစ်ဇ်ဘူလာ၏ အာမခံ လျှောက်ထားခြင်းကို သီရိလင်္ကာတရားရုံးတစ်ရုံးက ပယ်ချခဲ့သည်။

Source: Aljazeera