CNI International News

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂

အီရန်နျူကလီးယားစက်ရုံများကို တိုက်လေယာဉ်များသုံး၍ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အစ္စရေး စစ်ရေး လေ့ကျင့်မှုတစ်ခုကို အမေရိကန်စစ်ဘက်အရာရှိတစ်ဦး တက်ရောက်ခဲ့ကြောင်း အစ္စရေးရုပ်သံဌာနတစ်ခုဖြစ်သော KAN က သတင်းဖော်ပြသည်။

ဇန်နဝါရီလလယ်တွင် ပြုလုပ်ခဲ့သည့် အစ္စရေးစစ်ရေးလေ့ကျင့်မှုတွင် အီရန်၏နျူကလီးယားစက်ရုံများကို ပြင်း ထန်စွာတိုက်ခိုက်နိုင်ရန် မျှော်မှန်းထားပြီး ဝေဟင်မှနေ၍ လောင်စာဆီဖြည့်တင်းခြင်း၊ လေယာဉ်ပစ် ဒုံးကျည် များကို တုံ့ပြန်ပစ်ခတ်ခြင်းနှင့် တာဝေးပစ်ခတ်ခြင်းတို့အပါအဝင် မြင်ကွင်းများစွာကို တွေ့ရကြောင်း KAN သတင်း ဌာန၏ ဖေဖော်ဝါရီ ၁ ရက် ဖော်ပြချက်ကို ကိုးကားလျက် rt.com က ရေးသားထားသည်။

အမည်မဖော်လိုသူ အမေရိကန်လေတပ်အရာရှိတစ်ဦးသည် လေ့လာသူအဖြစ် အဆိုပါစစ်ရေးလေ့ကျင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း စွပ်စွဲမှုရှိနေပြီး အဆိုပါလေ့ကျင့်မှုအမျိုးအစားတွက် ၎င်းအရာရှိ တက်ရောက်မှုသည် သမားရိုးကျမဟုတ်ကြောင်း မှတ်ချက်များ ထွက်ပေါ်ခဲ့သည်ဟု KAN က သတင်းဆက်လက်ရေးသားထားသည်။

အမေရိကန်စစ်ဘက်အရာရှိများနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်(Benny Gantz)တို့ ယမန်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံအပြီး အစ္စရေးဘက်မှ အလားတူစစ်ရေးလေ့ကျင့်မှုများ ရှိလာခဲ့ကြောင်း အမေရိကန် အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးကို ကိုးကားလျက် ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို ပြောကြားရန် အဆိုပါအရာရှိက ငြင်းဆန်ခဲ့သော်လည်း သံတမန်ရေးအရ ပျက်ပြားခဲ့လျှင် အီရန်၏နျူကလီးယားစက်ရုံများကို ဖျက်ဆီးရန် အဆိုးဝါးဆုံးအခြေအနေတစ်ရပ်အတွက် ပြင်ဆင် သွားမည်ဟု ပြောကြားခဲ့သည်။

မိတ်ဖက်နိုင်ငံပေါင်း ၆၀ မှ တိုက်ရေယာဉ် ၅၀ နှင့် အမှုထမ်း ၉,၀၀၀ ပါဝင်သော အမေရိကန်ဦးဆောင်သည့် ကြီးမားသည့် နိုင်ငံတကာရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အစ္စရေးစစ်တပ်လည်း ပါဝင်ကြောင်း ဖေဖော်ဝါရီ ၁ ရက်အစောပိုင်းက ၎င်းစစ်တပ်က ကြေညာခဲ့သည်။

ယခု သီတင်းပတ်အစောပိုင်း၌ စတင်ခဲ့သော ၁၈ ရက်ကြာ အဆိုပါစစ်ရေးလေ့ကျင့်မှုကို အမေရိကန် တိုက် ရေယာဉ်အုပ်စု (US 5th Fleet) အခြေချထားသည့် ဘာရိန်းကမ်းလွန်ရှိ ပင်လယ်နီတွင် ပြုလုပ်ခဲ့သည်။

Source: rt.com