CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဖမ်းဆီးထားသည့် လီဆူလူမျိုးများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

KIA မှ ဖမ်းဆီးသွားသည်မှာ ၄ ဦးဖြစ်ပြီး ကလေး ၂ ယောက်မိခင်ကို ပြန်လွတ်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် ၃ ဦးကို ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရွှေမင်းက “သူတို့က ကျနော့်ကို သတင်းပို့တာ ၄ ဦးခင်ဗျ၊ အကူအညီ‌ တောင်းလာတာ သူတို့ရဲ့ မိသားစုတွေ ငိုယိုပြီးတော့ အကူအညီ‌ တောင်းလာကြပါတယ်။ တစ်ဦးကတော့ ကလေးမိခင်၊ ကလေးနှစ်ယောက်ရဲ့ အ‌မေပေါ့ဗျာ၊ သူ့ယောကျာ်းသား လည်း ရှိတယ်၊ ကလေးမိခင်ကို ဖမ်းပြီး သူ့ယောကျာ်းသားနဲ့ အလဲအလှယ်လုပ်ဖို့ ပြန်ပေးဆွဲတဲ့ သဘောလုပ်ပါတယ်။

သူနဲ့ အတူ အဲဒီမှာ အမျိုးသမီးတစ်ဦး ပါတယ်။ အဲဒီ ၂ ယောက်ကို ခေါ်ပြီးတော့ တပ်ရင်းတစ်ခုဆီကို ပို့လိုက်တယ်၊ နေရာတစ်ခုဆီ ကို ပို့လိုက်တယ်လို့ ကြားတယ်၊ နောက်ပြီး အဲဒီအမျိုးသား (၂) ဦးကို ဖမ်းသွားတဲ့အခါ ကျနော်တို့က နည်းမျိုးစုံ ကြိုးစားတယ်၊ ကြိုးစားတဲ့အခါကြတော့ အဲဒီကလေးအမေကိုတော့ ပြန်လွှတ်ပေးတယ်။ သူနဲ့ အတူပါသွားတဲ့ အမျိုးသမီးကိုတော့ ပြန်မလွှတ်ပေးဘူး။ ခါတိုင်း သူတို့လုပ်တာကတော့ ဆွဲတယ်၊ ပြီးရင် ငွေ ၅ သိန်းကနေ သိန်း ၂၀၀ အထိကို တောင်းခဲ့တာ ရှိခဲ့တယ်၊ အဲတော့ ကျနော်တို့က သဘောထားတွေ နည်းမျိုးစုံထုတ်ပြီးတော့ တောင်းဆိုတယ်”ဟု ပြောသည်။

KIA အနေဖြင့် ယခင်ကတည်းက တပ်သားသစ် စုဆောင်းမှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လီဆူလူမျိုးများ အနေဖြင့်လည်း ဆန္ဒထုတ်ဖော်မှုကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ၎င်းက ပြောသည်။

လီဆူလူမျိုးများကို ဖမ်းဆီးထားသည်မှာ မိမိအနေဖြင့် မကြားမိသေးကြောင်း၊ လီဆူမို့ ဖမ်းဆီးတာ မဖြစ်နိုင်ကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

                                                                                                   KIA တပ်ဖွဲ့ကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ကတော့ အဲတာတော့ ဘာမှမကြား မိပါဘူးခင်ဗျ၊ လီဆူမို့လို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာ အသေးစိတ်တော့ ကျနော်တို့လည်း မသိဘူး။ ဘာမှသဘောထား ပေးစရာလည်း မရှိပါဘူး၊ အပြစ်ရှိလို့ ဖမ်းတာလား၊ ဘာကြောင့် ဖမ်းတာလား အဲတာ ကျနော် ဘာမှမကြားသိရဘူး။ အဲတာကြောင့် ကျ‌နော်တို့လည်း မှတ်ချက်ပေးစရာ မရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။

တော်လှန်ရေး အဖွဲ့အစည်း တစ်ခုအနေဖြင့် အဓမ္မ လူသစ်စုဆောင်းခြင်းများ၊ မျိုးနွယ်စုငယ်များကို ဝါးမျိုရန် ကြိုးစားမှုများ မလုပ်ဆောင်သင့်ကြောင်း ဦးရွှေမင်းက ပြောသည်။

၎င်းက“တော်လှန်ရေးလုပ်တယ်ဆိုတာက တော်လှန်ရေးနဲ့ တူအောင်လုပ်ရပါမယ်၊ ပြည်သူလူထုကို စည်းရုံးတာတို့၊ သိမ်းသွင်း တာတို့ လုပ်ပြီး‌တော့ သူ့ရဲ့ စိတ်ပါဝင်စားတဲ့ သူ့ရဲ့ ဆန္ဒသဘောထားအလျောက် ဝင်ရောက်လာတဲ့လူတွေ ဖြစ်သင့်တယ်၊ အခု က အဲလို မဟုတ်ဘဲနဲ့ အတင်းအဓမ္မ အကြမ်းဖက်ပြီးတော့ လုပ်ဆောင်တာတွေ ကျ‌နော်တို့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေ တာပေါ့ ဗျာ။

အဲ‌တော့ အတင်းအဓမ္မ လူသစ်စုဆောင်းတာတို့ ငွေညစ်တာတို့ ဒါတွေ မလုပ်ဖို့နဲ့ ရှေ့ဆက်မှာလည်း ဖမ်းထားတဲ့ လူတွေ ကို ပြန်လည်လွတ်ပေးဖို့ အထူးသဖြင့်တော့ အဖွဲ့အစည်း တစ်ခုထူထောင်ရာမှာ လူမျိုးရေးကို ဦးတည်ပြီးတော့ မတိုက်ခိုက်ဖို့နဲ့ မိမိကိုယ်ကို မိမိ လူမျိုးကြီးဝါဒကို ခံယူပြီးတော့ လူမျိုးငယ်တွေကို မျိုးနွယ်စုငယ်တွေကို တိုက်ရိုက်သဘော ရော၊ အင်တာရိုက် သဘောရော တိုက်ခိုက်တာတွေ နိုပ်ကွပ်တာတွေ အဲလူမျိုးငယ်လေးကို ဝါးမျိုဖို့ ကြိုးစားတာတွေ ဒါတွေ မလုပ်သင့်ပါဘူး။

အခု ကျနော်တို့ဆီမှာ ဖြစ်နေတာက အဲတာပါ။ အာဏာရှင်ကို တိုက်ထုတ်တယ်ဆိုတာ ဘာအာဏာရှင်ကို တိုက်ထုတ်မှန်းမသိ မိမိကိုယ်တိုင်က အာဏာရှင်ကြီး ဖြစ်နေတာကိုတော့ သတိမှုသင့်တယ်လို့ ကျနော် ဒီလိုလေး အကြံပြု တင်ပြချင်ပါတယ်” ဟု ပြောသည်။

KIA အနေဖြင့် မိမိတို့ မျိုးနွယ်စု အချင်းချင်းကြားတွင် ပြဿနာမရှိကြောင်း၊ သို့သော်လည်း ရန်သူဘက် ရပ်တည်ပါက လူပုဂ္ဂိုလ်ကြား ပြဿနာဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “ကျနော်တို့ကတော့ အမြဲတမ်း ပြောနေတာ ကျနော်တို့ အချင်းချင်းကတော့ ဘာပဋိပက္ခမှလည်း ဖြစ်စရာအကြောင်း မရှိဘူး။ တစ်ခုရှိတာကတော့ ရန်သူဘက်က ရပ်တည်ပြီးမှ သွားမယ်ဆိုလို့ရှိရင်တော့ လူမျိုးရေး ပဋိပက္ခ မဖြစ်သော်ငြားလည်း လူပုဂ္ဂိုလ်နဲ့တော့ ပြဿနာ ဖြစ်နိုင်ဖွယ်ရှိပါတယ်၊ ရန်သူဖက်က ရပ်တည်သွားမယ်ဆိုလို့ရှိရင်တော့ ပြောချင်တာတော့ လီဆူပြည်သူ့စစ် တစ်ခုလုံးကတော့ လီဆူအားလုံးနဲ့ သက်ဆိုင်နေတဲ့ ပြည်သူ့စစ်တော့ မဟုတ်လောက်ပါဘူး။ လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ လီဆူပြည်သူ့စစ်ပဲ ဖြစ်နိုင်ပါတယ်။ အဲတာကြောင့် လီဆူမျိုးနွယ်စုနဲ့ ကျနော်တို့ KIO နဲ့ ပြဿနာ တက်စရာအကြောင်းတော့ မရှိပါဘူး”ဟု ပြောသည်။

လက်ရှိ လူမျိုးရေးပဋိပက္ခ လမ်းကြောင်းပေါ် ဦးတည်နေကြောင်း၊ ထို့အတွက်ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင် များအနေဖြင့် ထိုအခြေအနေသို့ မရောက်ရှိရန် သတိထား ဆင်ခြင်သင့်ကြောင်း ဦးရွှေမင်းက ပြောသည်။