CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြောက်ပိုင်းကျေးရွာများတွင် ကုန်ပစ္စည်း သယ်ယူခွင့် ကန့်သတ်ချက်များနှင့် စစ်ဆေးမှုများ ယခုရက်ပိုင်းတွင် ပိုမိုတင်းကြပ်နေကြောင်း မောင်တောဒေသခံများက ပြောသည်။


ယခင်က စစ်ဆေးမှုများရှိခဲ့သော်လည်း ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်ကာ စစ်ဆေးရေးဂိတ်များတွင် ကုန်ပစ္စည်းများကို အကန့်အသတ်ဖြင့် သယ်ယူရကြောင်း၊ တင်းကြပ်စွာ စစ်ဆေးခံရခြင်းနှင့်ပတ်သက်ပြီး မိသားစုတချို့အတွက် အခက်အခဲ ရှိနေကြောင်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က CNI သတင်းဌာနသို့ ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က “ဒေသခံတွေ အနေနဲ့ကတော့ ဘယ်ကြိုက်မလဲ။ အဲလိုမျိုး တားထားတယ်ဆိုတော့ ဒေသ ခံတွေက ဆိုင်တစ်ဆိုင် ရောင်းမယ်ဆိုရင် အရက် ၄/၅/၆ ဖာလောက်ကတော့ ရှိသင့်တာပေါ့နော်။ အရက်တစ်ဖာ ဘီယာ တစ်ဖာ အဲလိုမျိုး ပေးနေတော့ ရောင်းအားရှားတာ အဲလိုမျိုး အခက်အခဲတွေတော့ ရှိနိုင်တာပေါ့။

ဖြစ်ချင်တာကတော့ ဥပမာ သူတို့ သတ်မှတ်ထားတဲ့ဟာ သတ်မှတ်တာက တစ်ပိုင်းပေါ့နော်။ မိသားစု စားဝတ်နေရေးအရ ပြောရမယ်ဆိုရင်တော့ အဲဒီ ထက် နည်းနည်းလေး ပိုပြီးတော့ ပေးသယ်တာ ပိုပြီးတော့ ကြိုက်တာပေါ့နော်။ အကုန်လုံး မိသားစုတွေအတွက်ရော ရောင်းချ တဲ့ သူတွေအတွက်လည်း ဖူလုံတာပေါ့နော်။ ဒီလိုမျိုး ကန့်သတ်ထားတယ်ဆိုတော့ အဲဒီလိုမျိုး ကန့်သတ်ချက်တွေက မိသားစု စားဝတ်နေရေးအရ ပြောမယ်ဆိုရင် မဖူလုံဘူးပေါ့ အားနည်းတာပေါ့”ဟု ပြောသည်။

                                                                                               မောင်တောမြို့အဝင်ကိုတွေ့ရစဉ်


လက်ရှိတွင် မောင်တောမြို့ အဝင်လမ်းရှိ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်နှင့် ကြိမ်ချောင်း နယ်ခြားစောင့် စစ်စစ်ဆေး ရေးဂိတ်တို့မှ စစ်ဆေးမှုများ ရှိနေကြောင်း၊ ကုန်ပစ္စည်းများကို အရေအတွက် ကန့်သတ်ချက်ဖြင့် သယ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ကားပေါ်တွင်ပါလာသည့် ကုန်ပစ္စည်းများကိုသာမက ခရီးသည်နှင့် ကုန်ကားသမားများကို ဓာတ်ပုံရိုက်၍ မှတ်တမ်း ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ လုံခြုံရေးတင်းကြပ် စစ်ဆေးမှုများကြောင့် ကားများရပ်တန့်ထားရသည့်အတွက် အခက်အခဲရှိကြောင်း မောင်တောနှင့် တောင်ပြိုကို ပြေးဆွဲနေသည့် ကားသမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ကိုမောင်မောင်ထွန်းက “ကျနော်တို့ မောင်တောကနေပြီးတော့ တောင်ပြို - သမန်းသား ဟိုဘက် နယ်စပ်ဒေသ မဖွံ့ဖြိုးတဲ့ နေရာတွေမှာ ကျနော်တို့ လိုင်းကားတွေ ထွက်နေရတာ အတော်လေးကို ထိန်းချုပ်ထားတော့ ကားသမားတွေက အခု လက်ရှိ အချိန်မှာ ဆီဈေးစရိတ် ကြီးနေတော့ ကားသမားတွေကိုယ်တိုင်ကို ကားမထွက်ပေးနိုင်ဘဲ ဖြစ်နေကြတာ။

ဒါကြောင့်မလို့ တအားကြီးလည်း တင်းကြပ်ထားတော့ ဘာမှမတင်ရဘူး။ ဘာမှ မလုပ်ရဘူးဆိုပြီးတော့ တင်းကြပ်ထားတာရှိတယ်။ အခက် အခဲက ခရီးသည်တစ်ယာက် ပါလို့ရှိရင် မှတ်ပုံတင်နံပါတ်တို့ နေရပ်လိပ်စာတို့ လူကိုယ်တိုင် ဓာတ်ပုံရိုက်တာတို့ အဲလိုမျိုး ကြုံတွေ့နေရတော့ အခက်အခဲ ဖြစ်နေတာပါ”ဟု ပြောသည်။

မည်သည့်အတွက်ကြောင့် စစ်ဆေးမှုများ တင်းကြပ်နေသည်ကိုတော့ မသိရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ စစ်ဆေးရေး တင်းကြပ်နေသည့် မောင်တောမြို့၏ မြောက်ပိုင်းဖက်တွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိကြောင်း၊ ထိုကျေးရွာများမှာ ကုန်ပစ္စည်းနှင့် အဝတ်အထည်များအပြင် တစ်ခြားသော ပစ္စည်းများဝယ်ရန် မောင်တောမြို့ကို အဓိက အားထားနေ ရကြောင်း သိရသည်။