CNI International News
စင်ကာပူ၊ ဖေဖော်ဝါရီ ၂
လာမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ မြန်မာ့တပ်မတော်ကို လျစ်လျူရှု၍ မရသလို ဖယ်ထုတ်၍လည်း မရကြောင်း ပဋိပက္ခ များ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက ပြောကြားခဲ့သည်ဟု Channel News Asia (CNA)က ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က အာဏာရယူခဲ့သည်။
“စစ်တပ်က တရားမဝင်ဘူးလို့ ပြောတာက သူတို့ရဲ့ အခန်းကဏ္ဍမရှိဘူးလို့ ကျမ ဆိုလိုတာမဟုတ်ဘူး။ သူတို့မှာ တရားဝင် အခန်းကဏ္ဍရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့က တရားဝင် အစိုးရမဟုတ်သေးဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရသူ မစ္စဟေဇာက ဇန်နဝါရီ ၃၁ ရက်၌ ပြုလုပ်ခဲ့သည့် CNA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
အကြမ်းဖက်မှု မှတ်တမ်းများ ရှိနေသည့် မြန်မာ့တပ်မတော်ကို နိုင်ငံ၏အနာဂတ်ဆိုင်ရာ မည်သည့် ဆွေးနွေးပွဲများတွင်မဆို လုံးဝ ဖယ်ထားသင့်ကြောင်း ဒီမိုကရေစီလိုလားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အခိုင်အမာ ပြောကြားခဲ့ပြီး နောက် ယခုကဲ့သို့ UN အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ၌ မြန်မာ့တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် လူပေါင်း ၁၄၀၀ ကျော် သေဆုံး ခဲ့ကာ ၁၂,၀၀၀ ထက်မနည်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။ အကြမ်းဖက်မှုများ တိုးလာခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ နှင့် စက်ရုံများ ပိတ်လိုက်ရ၍ ပြည်တွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာခဲ့သည်။
UN အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကိုတွေ့ရစဉ်
ကယားပြည်နယ် အရှေ့ပိုင်းတွင် လုပ်ကိုင်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children မှ ဝန်ထမ်းများနှင့် ကလေးသူငယ် ၄ ဦး အပါအဝင် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာတွင် ရှုတ်ချခဲ့သည်။
“အဲဒီလုပ်ရပ်တွေ အမှန်တကယ်ရပ်တန့်ဖို့ နည်းလမ်းတစ်ခု ကျမ မရှာဖွေရင် သတ်ဖြတ်မှုတွေ ပိုဆိုးလာလိမ့်မယ်” ဟု အရပ်သားအစိုးရ ဖြုတ်ချခံရသည့် တစ်နှစ်ပြည့်အကြိုနေ့တွင် မစ္စဟေဇာက ပြောသည်။
သို့သော် တပ်မတော်သည် လာမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ်သော်လည်း တပ်မတော်အနေဖြင့် ရှေ့လုပ် ငန်းစဉ်များကို ဦးဆောင်မှုပေးနိုင်မည့် အင်အားစု မဖြစ်နိုင်ကြောင်းကိုလည်း သူမက အလေးပေးပြောကြားခဲ့သည်။
“နိုင်ငံရေး အသွင်ကူးပြောင်းမှုတိုင်းမှာ လုပ်ငန်းစဉ်တစ်ခုလိုအပ်ပါတယ်၊ နေ့ချင်းညချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့အသက် ဆုံးရှုံးမခံဘဲ တစ်ခုခုအတွက် ဆက်လက် ရှင်သန်စေချင်တယ်” ဟု မစ္စဟေဇာက ဆက်ပြောသည်။
မစ္စနိုလင်းဟေဇာ ပြီးခဲ့သည့် ရက်သတ္တ ၆ ပတ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန် စတင်ယူ စဉ် အပစ်အခတ်ရပ်စဲရေး အပြည့်အဝ ဖြစ်ပေါ်အောင် တွန်းအားပေးခဲ့သော်လည်း တပ်မတော်နှင့် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ နှစ်ဘက်စလုံးက လက်မခံခဲ့ပေ။
“ဒီပဋိပက္ခမှာ ဖမ်းမိထားတဲ့သူတွေက အရပ်သားတွေ ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေကို ကျမကြည့်လိုက်တော့ မြန်မာနိုင်ငံမှာ လူပေါင်း ၂၅ သန်းလောက် အခုဆင်းရဲတွင်းထဲ ရောက်သွားပါပြီ။ လူ ၁၄ ဒသမ ၄ သန်းလောက်က လူသားချင်း စာနာထောက် ထားမှု အကူအညီ လိုနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု ရပ်တန့်ရေး အပါအဝင် ငြိမ်းချမ်းရေးအစီအစဉ် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် အာဆီယံ ရုန်းကန်နေရမှု အခြေအနေကိုလည်း မစ္စဟေဇာက အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု သည် လုံးဝ အရေးကြီးကြောင်း သူမက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ CNA ၏ မေးခွန်းအပေါ် “ရာထူးမှ အဖယ်ရှားခံခဲ့ရသော အရပ်သား ခေါင်းဆောင်သည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် လာမည့် မည်သည့် ဆွေးနွေးတွင်မဆို အပြုသဘောဆောင်သည့် အင်အားတစ်ရပ် ဖြစ် နိုင်ကြောင်း၊ ဖြစ်နိုင်မည်ဆိုလျှင် ၎င်းနှင့်တွေ့ဆုံရန် ကြိုးစားသွားမည်ဖြစ်ကြောင်း” ကုလသမဂ္ဂအထူးသံတမန်က ဖြေကြားခဲ့ သည်။
Source: Channel News Asia