CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃
စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းသည့်အခါ ဖင်ပုတ် ခေါင်းပုတ်လာလုပ်မည်ဖြစ်သလို မိမိတို့ စော်ကားခံရလိမ့် မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)တွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကာကွယ်ရေးစွမ်းအား မကောင်းတော့ ကျနော်တို့ခံသွားရမှာပေါ့၊ သူများက ဖင်ပုတ်၊ ခေါင်းပုတ်၊ လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်၊ နိုင်ငံရေးအား မကောင်းတဲ့ အခါကျတော့ သူများတွေ ကျနော်တို့ကို မျိုးစုံပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်း တော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျနော်တို့တွေ စော်ကားခံရလိမ့်မယ်၊ ခြံစည်းရိုးတွေလုံမှာမဟုတ်ဘူး”ဟု ပြောသည်။
၂၀၂၂ ခုနှစ်သည် မိမိတို့အတွက် စိန်ခေါ်သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မိမိတွင် ရည်မှန်းချက် ၃ ခုရှိကြောင်း၊ တစ်အချက်မှာ တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ စီးပွားရေးအားကောင်းအောင် လုပ်မည်ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ မိမိတို့၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားသည့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် ပတ် သက်သည့် လုပ်ငန်းရပ်များကို ရတဲ့လမ်းကြောင်းများမှ အကုန်လုပ်မည်ဖြစ်ကြောင်း၊ တတိယအချက်မှာ နိုင်ငံရေးနှင့် စီးပွားရေး အား ကောင်း လာပြီဆိုပါက အားလုံးပါင်သည့် ကာကွယ်ရေးစနစ်ကို မိမိတို့သွားရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ မကျင့်သုံး ရသေးဘူး၊ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဥပဒေ ကျနော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်း လက် နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျနော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျနော်တို့က ကောင်းကောင်း ထိန်း နိုင်ပြီ လုပ်နိုင်ပြီဆိုလို့ လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျနော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသားတွေ စစ်မှုထမ်းရမယ်။ ၂ နှစ်တန် သည်၊ ၃ နှစ် တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း ကျနော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်း ဖြစ်ရင်ဖြစ်မှာ ပေါ့ဗျာ၊ တစ်နှစ်ခွဲ လည်း ဖြစ်ရင်ဖြစ်မှာပေါ့။အခြေအနေပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ရမှာပေါ့။ ဒါက လုပ်ရမှာ မလုပ်လို့မရဘူး”ဟု ပြောသည်။
အဆိုပါ ၃ ချက်သည် မိမိတို့ မဖြစ်မနေလုပ်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ယခုနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်၍ ဆောင်ရွက်သွားရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အကြား လည်းကောင်း၊ တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကြားမှာလည်း နိုင်ငံတော် တာဝန်ကို ရယူထမ်းဆောင်နိုင်ရေး အားပြိုင်နေကြသလို နိုင်ငံတကာမျက်နှာစာမှာလည်း သံတမန်ရေး အားပြိုင်နေကြသည်။