CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကွန်ဂရက် အချိန်မီကျင်းပရန် အခက်အခဲ ရှိနေကြောင်း KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ကွန်ဂရက်ကို အချိန်မီကျင်းပရန် အခက် အခဲရှိကြောင်း၊ KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၂ နှစ်အထိ ရွှေဆိုင်းထားနိုင်ကြောင်း ၎င်းက ပြောသည်။
ပဒိုစောတောနီးက “ကျနော်တို့ကတော့ ပုံမှန်အတိုင်း သွားနေပါတယ်၊ ကွန်ဂရက် ကျင်းပနိုင်သည်ဖြစ်စေ၊ မကျင်းပနိုင်သည် ဖြစ်စေ၊ ကျနော်တို့မှာ ကွန်ဂရက်က အပ်နှင်းထားတဲ့ တာဝန်တွေအရ ကျနော်တို့ ဗဟိုအမြဲတမ်းကော်မတီရှိတယ်၊ နောက်ပြီး တော့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရှိတယ်၊ အဲတာကြောင့်မို့ နှစ်စဉ်လုပ်ငန်းတွေက ပုံမှန် လည်ပတ်နေဆဲပါ။
တစ်ခုပဲရှိတာ ကျနော်တို့ ကွန်ဂရက်အချိန်မီ ကျင်းပနိုင်ဖို့ အခက်အခဲရှိတယ်လေ၊ အဲတာကြောင့် ဒါပွင့်ပွင့်လင်းလင်း ပြောနေ ရတာ ဒါပေမယ့် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရပေါ့၊ ကျနော်တို့ KNU ရဲ့ တော်လှန်ရေးကာလမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအရ ဒီလိုထူးခြားတဲ့ အခြေအနေအောက်မှာတော့ ကျနော်တို့ ၂ နှစ်အထိ ရွှေ့ဆိုင်းလို့ ရပါတယ် ဆိုတာ ခွင့်ပြုပြီးသား အဲတာကြောင့်မို့ ကျနော်တို့အတွက် ဘာပြဿနာမှ မရှိဘူး” ဟု CNI သို့ ပြောသည်။
ပဒိုစောတောနီးကိုတွေ့ရစဉ်
KNU ၏ ဗဟိုကွန်ဂရက်ကို ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် လျာထားသော်လည်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှု အခြေအနေအရ ရွှေ့ဆိုင်းထားခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
သို့သော်လည်း လက်ရှိ အခြေအနေအရ ရက်အတိအကျ မသိရှိရသေးကြောင်း ပဒိုစောတောနီးက ပြောသည်။
၎င်းက “အဲတာ ရက်အတိအကျတော့ ပြောလို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေ အနေအရ ကျနော်တို့ ပြန်ပြီး သုံးသပ်နေတာရှိတယ်၊ ကျန်တဲ့ဟာတော့ ဘာမှ ထူးခြားမှု မရှိပါဘူး။ အရင်တုန်းက ဒီလိုပဲ ရည်မှန်း ထားပါတယ်။ ဖေဖော်ဝါရီလ ဝင်တာနဲ့ ကျနော်တို့စဖို့ အစီအစဉ်ရှိပါတယ်။
သို့သော်ငြားလည်းပဲ အားလုံးသိတဲ့ အတိုင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေက တစ်မျိုးတစ်ဖုံ တော်တော်လေး ပြောင်းလဲသွားတော့ အထူးသဖြင့် ဒီဇင်ဘာလလယ် ကတည်းက ပြောင်းလဲလာတဲ့ အခြေအနေအရ ပြန်သုံးသပ်နေရတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ၊ အဲတာကြောင့်မို့ ရက် အတိအကျကို ချလို့မရဖြစ်နေတာ၊ ကျန်တဲ့ဟာ အကုန်လုံး အဆင်ပြေပါတယ်၊ ကျန်တဲ့ဟာက ဘာမှပြောစရာကို မလိုဘူး ကျနော်တို့က ပြင်ဆင်ထားပြီးသား ဟိုး ၂၀၂၁ က လုပ်မဲ့ဟာ အခုလိုဖြစ်သွားတာ” ဟု ပြောသည်။
KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ် အတွင်းမှာပဲ တပ်မတော်နှင့် KNU ကြား တိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း တပ်မတော်နှင့် KNU တပ်မဟာအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲများ ဖြစ်ပွားနေသလို ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၇၄,၆၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း UN OCHA Myanmar က ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။