CNI International News
ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၃
နိုင်ငံရေးဘက်မှ မဟုတ်သည့် မြန်မာကိုယ်စားလှယ်ကို ယခုလအကုန်ပိုင်း ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။
အာဆီယံက တောင်းဆိုသည့် ငြိမ်းချမ်းရေးအစီအစဉ်မှာ တိုးတက်မှုအားနည်းနေ၍ မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြား ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှု မရခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူ ချမ်ဆောင်နရီ (Cham Sounry) က ပြောသည်။
ကမ္ဘောဒီးယားသည် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံအဖွဲ့တွင် လက်ရှိဥက္ကဋ္ဌ တာဝန်ယူထားပြီး ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ ပြုလုပ်မည့် ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဖြစ်သည်။
“တစ်ချိန်တည်းမှာပဲ ထိုင်ခုံအလွတ်ထားမယ့်အစား နိုင်ငံရေးမပါတဲ့ အဆင့်ကနေ မြန်မာကို ကိုယ်စားပြုဖို့ ကျနော်တို့ တိုက် တွန်းပါတယ်” ဟု ချမ်ဆောင်နရီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကိုယ်စားလှယ် ဖြစ်သင့်သည့် အနေအထားကို ဆုံးဖြတ်ရန်မှာ မြန်မာနိုင်ငံအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အာဆီယံအစည်းအဝေးကိုတွေ့ရစဉ်
မြန်မာနိုင်ငံသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ရွေးကောက်ခံ အရပ်သားအစိုးရကို တပ်မတော်က ဖြုတ်ချပြီးကတည်းက အကျပ်အတည်း ဆိုက်ရောက်နေပြီး အတိုက်အခံများအား နှိမ်နင်းရာတွင် အရပ်သား ၁,၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေးရုံးက ကိုးကားဖော်ပြသည့် ကိန်းဂဏန်းများအရ သိရသည်။
ကျေးလက်ဒေသများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင် ဒီမိုကရေစီလိုလားသူများ၊ လူနည်းစု တိုင်းရင်းသား အင်အားစုများနှင့်လည်း စစ်မျက်နှာစာ အများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ကမ္ဘောဒီးယားအစိုးရက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ဆက်လက် ဖြစ်ပွားနေခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ယိုယွင်းလာခြင်း အစီရင်ခံစာများကြောင့် လက်ရှိ ဖြစ်ပေါ် တိုးတက်နေမှုများကို အလွန်စိုးရိမ်မကင်း ဖြစ်မိကြောင်း ရေးသားထားသည်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အစိတ်အပိုင်းအားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးကြဖို့ အရေးတကြီး အလေးပေးတိုက်တွန်းပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အာဆီယံ ငြိမ်းချမ်းရေးသဘောတူညီချက် အချက် ၅ ချက်ကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် နစကကို အာဆီယံ၏ အရေးပါသည့် အစည်းအဝေးများမှ တက်ရောက်ခွင့် တားမြစ်ခဲ့ခြင်းကြောင့် အာဆီယံအပေါ် အများက အံ့အား သင့်ခဲ့ကြသည်။
သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အာဆီယံအတွင်း သဘောထားကွဲလွဲမှုများ ဆက်တိုက်ရှိနေခဲ့သဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ရာ နစကကို ထောက်ခံကြောင်း အဓိပ္ပာယ် ဖွင့်ကြမည့်အရေးအတွက် ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံအချို့ ရတက်မအေးဖြစ်ခဲ့ရသည့် ခရီးစဉ်လည်း ဖြစ်ခဲ့သည်။
အာဆီယံလက်ရှိဥက္ကဋ္ဌ တာဝန်ယူထားသူ ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ငြိမ်းချမ်းရေး သဘော တူညီချက် အချက် ၅ ချက်ကို ထိန်းထားရန် တောင်းဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
Source: Bangkok Post