CNI International News
ဘစ်စော၊ ဖေဖော်ဝါရီ ၃
ဂီနိဘစ်စောနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ သမ္မတ အူမာရို ဆစ်ဆိုကို အမ်ဘယ်လို (Umaro Sissoco Embalo)ကို ဖြုတ်ချလျက် အာဏာသိမ်းရန်ကြိုးပမ်းမှုမှ သမ္မတသည် တစ်စုံတစ်ရာထိခိုက်မှု မရှိဘဲ လွတ်မြောက်ခဲ့ပြီး လူ ၁၁ ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်အပေါ် အဓိကစုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ၎င်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
“အဲဒီတိုက်ခိုက်မှုအတွင်း ရဲရင့်တဲ့သူ ၁၁ ဦး အသက်ဆုံးရှုံးသွားရလို့ အစိုးရအနေနဲ့ ဝမ်းနည်းကြေကွဲရပါတယ်။ အရပ်သား ၄ ဦး၊ တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင် ပြည်သူ့စစ်တွေ၊ စိုက်ပျိုးရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ ၁ ဦးနဲ့ သူ့ရဲ့ယာဉ်မောင်း အပါ အဝင် စုစုပေါင်း ဒဏ်ရာရတဲ့သူက ၁၁ ဦးရှိပါတယ်” ဟု အနောက် အာဖရိကဒေသရှိ ဂီနိဘစ်စောနိုင်ငံ၏ အစိုးရအဖွဲ့ဝင် ခရီးသွားလာရေးဝန်ကြီး ဖာနန်ဒိုဗက်ဇ်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်၊ မွန်းလွဲပိုင်းက မြို့တော်ဘစ်စောရှိ အစိုးရအဆောက်အအုံများကို လက်နက်ကိုင် အင်အားအလုံးအရင်း ဖြင့် ဝိုင်းခံထားရစဉ် သမ္မတအမ်ဘယ်လိုနှင့် ဝန်ကြီးချုပ်တို့က အစိုးရအဖွဲ့(ကက်ဘိနက်)အစည်းအဝေး တက်နေကြသည်ဟု ယူဆရကြောင်း အယ်လ်ဂျာဇီးယားက ဖော်ပြထားသည်။
အာဖရိကတိုက်၌ အတည်ငြိမ်ဆုံး နိုင်ငံတစ်နိုင်ငံဟု သတ်မှတ်ခံရသော ဂီနိဘစ်စောနိုင်ငံတွင် အစိုးရကို ဖြုတ်ချရန် ကြံစည် သည့် ၅ နာရီကြာ သေနတ်ပစ်ခတ်မှုများအတွင်း အသက် ၄၉ နှစ်ရှိ သမ္မတအမ်ဘယ်လို ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း သတင်း ထောက်များကို အသိပေးခဲ့သည်။
ဂီနိဘစ်စောနိုင်ငံသမ္မတအမ်ဘယ်လိုကိုတွေ့ရစဉ်(AFP)
ထိုဖြစ်စဉ်ကို အာဏာသိမ်းရန် ကြံစည်ကြိုးစားမှုအဖြစ် ရှုတ်ချမှုတွင် ပြင်သစ်နိုင်ငံကလည်း ပါဝင်လာခဲ့သည်။ သမ္မတ အမ်ဘယ်လို သည် တိုက်ခိုက်ခံရမှုမှ လွတ်မြောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် မြို့တော်အခြေအနေမှာ အထူးငြိမ် သက် နေခဲ့သည်။
သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်များ မြို့တော်ရှိ လမ်းများပေါ် ကင်းလှည့်နေကြပြီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် သမ္မတနန်းတော် ဘက်သို့ သွားသည့် လမ်းကြောင်းများကို ပိတ်ဆို့စောင့်ကြပ်ခဲ့ကြသည်။
ဂီနိဘစ်စောနိုင်ငံသည် ဆီနီဂေါနိုင်ငံ၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး လူဦးရေ ၂ သန်းခန့်သာ ရှိပြီး အများစုမှာ ဆင်းရဲနွမ်း ပါးကြသည်။ ကမ်းရိုးတန်းနိုင်ငံဖြစ်သော ဂီနိဘစ်စောကို ၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီအစိုးရက လွတ်လပ်ရေးပေးခဲ့ပြီး စစ် အာဏာသိမ်းမှု ၄ ကြိမ်ရှိခဲ့ကာ ၂၀၁၂ ခုနှစ်၌ နောက်ဆုံးအကြိမ်အဖြစ် စစ်တပ်က အာဏာသိမ်းခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ၎င်းနိုင်ငံ၌ ဒီမိုကရေစီပြန်ရမည်ဟု ကတိပြုခဲ့မှုများ ရှိလင့်ကစား နောက်ပိုင်း တည်ငြိမ်ရေး အနည်းငယ်သာ ရခဲ့ပြီး စစ်တပ်က ကြီးမာသော ဩဇာအာဏာကို ဆုတ်ကိုင်ထားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ယခုတိုက်ခိုက်မှုများသည် သမ္မတနှင့် အစိုးရတဖွဲ့လုံးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း သမ္မတအမ်ဘယ်လိုက ပြောကြားခဲ့သည်။
Source: Aljazeera