CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃

ချင်းပြည်နယ် ထန်တလန်၊ မတူပီ၊ ပလက်ဝ စသည့် ဒေသများတွင် အခြေပြု၍ ကြားကာလ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း မရာမျိုးနွယ်စု ပြည်သူ့ညီလာခံက ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝ မြို့နယ် စသည့် ဒေသများအတွင်း ပိုင်းခြားအုပ်ချုပ်ခြင်း ခံထားရသည့် မရာနယ်မြေများကို ယခုဖွဲ့စည်းခဲ့သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် တစ်စု တစ်စည်းတည်း ထားရှိမည်ဖြစ်ကြောင်း မရာညီလာခံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မရာလူမျိုးစုအနေဖြင့် အိန္ဒိယနယ်စပ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ပျံ့နှံ့နေထိုင်လျက်ရှိပြီး ထိုဒေသများရှိ မရာလူမျိုး များကို ပေါင်းစည်း၍ ဆောင်ရွက်သွားမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MATC)၏ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နယ်ကိုတွေ့ရစဉ်

အဆိုပါ MATC တာဝန်ရှိသူက “အဓိကက ကျနော်တို့ မရာတွေက တစ်မြို့နယ်ထဲမှာမရှိဘူး။ ကျနော်တို့ မရာတွေက အိန္ဒိယ ဘက်မှာ ၅ ရာခိုင်နှုန်းကျော်ရှိတယ်။ ကျနော်တို့ လွတ်လပ်ရေး ရပြီးတော့လေ၊ ပြီးတော့ ဒီမြန်မာနိုင်ငံ ဘက်မှာဆိုရင် မတူပီ မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝ မြို့နယ်ဆိုပြီးတော့ သုံးပိုင်း၊ အုပ်ချုပ်ရေး သုံးခုအောက်မှာရှိတယ်ဗျာ။

ကျနော်တို့ CRPH ကလည်း ပြည်သူ့အုပ်ချုပ်‌ရေးဆိုတာကို သူတို့က ဖွဲ့စည်းခွင့် ပေးထားတယ်။ NUG မဖြစ်ခင်ကတည်းက ဆိုတော့၊ အဲဒါကြောင့် ကျနော်တို့က ဒါကို စဉ်းစားပြီးတော့ ကျနော်တို့ ချင်း Charter မှာဆိုလည်း Draft ပေါ့နော်။ Analyze တော့ လုပ် နေတယ်။ ရှိတဲ့ဟာထဲက ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး သဘောတရားတွေကို ပေါင်းစည်းပြီးတော့ ကြားကာလ အုပ်ချုပ်ရေးကို ကျနော်တို့ လုပ်လိုက်တာဖြစ်တယ်”ဟု ပြောသည်။

ထို့နောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကာကွယ်ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ဒေသန္တရ အုပ်ချုပ်ရေးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး အစရှိသည့် ဌာနများကိုလည်း ညီလာခံတွင် ဖွဲ့စည်းလိုက် ကြောင်း၊ Chinland Defense Force အဖွဲ့နှင့် Mara Army အဖွဲ့တို့ကို ပေါင်းစည်းကာ Maraland Defense Force (MDF) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း မရာမျိုးနွယ်စု ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ Maraland Defense Force (MDF)သည် အခြားသော ညီနောင် တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစည်း သွားမည် ဖြစ်ပြီး မရာနယ်မြေတွင်လည်း Maraland Defense Force (MDF) လက်နက်ကိုင်အဖွဲ့မှအပ မည်သည့် လက်နက်ကိုင်အဖွဲ့ ကိုမှ ဖွဲ့စည်းခွင့် ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင် အဖွဲ့များအနေဖြင့် နယ်မြေစိုးမိုးမှုများ ရရှိလာပါက ထိုသို့ အုပ်ချုပ်ရေးစနစ်များ ထူထောင်ရန် ကြိုးပမ်းလေ့ရှိ ကြောင်း၊ ထို့ကြောင့် နှစ်ဖက်အားပြိုင်မှုများ ရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောသည်။

မရာလူမျိုးများကိုတွေ့ရစဉ်

ဦးရဲထွန်းက “အခုဟာက PDF တို့ NUG တင်မဟုတ်ဘူး။ KNU ဘက်ကလည်း အဲဒီလို ကြေညာတာရှိတယ်။ ဖာပွန်လား မသိ ဘူး။ အစိုးရဝန်ထမ်းတွေကို သတ်မှတ်ထားတဲ့ ရက်အတွင်း ထွက်ခွာဖို့ ဆိုပြီးတော့လေ။ မထွက်ခွာရင်တော့ သူတို့ကို တာဝန် မယူဘူး ဆိုတာမျိုးပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို စစ်ရေးအရ တိုက်ပြီးလို့ရှိရင် နယ်မြေ ဒေသ တစ်ခုမှာ၊ အုပ်ချုပ်ရေး ယန္တရား ထူထောင်တာပေါ့။

အုပ်ချုပ်ရေး ယန္တရားဟောင်းကို သူတို့က ဖယ်ခိုင်းတာပေါ့ဗျာ၊ ဖယ်ခိုင်းပြီးတော့ အသစ်နဲ့ အစားထိုးမှာပေါ့။ ထိုးတဲ့အခါ တရားစီရင်ရေးတို့ အဲဒီကိစ္စတွေလည်း ပါမှာပေါ့။ ဒါက နယ်မြေတစ်ခုမှာ လုံးဝစစ်ရေးအရ လုံခြုံစိတ်ချရပြီ၊ ကာကွယ်နိုင်ပြီလို့ ယူဆလို့ရှိရင် အဲဒီဒေသမှာ လူထုရဲ့ တရားဉပဒေစိုးမိုးမှုကို တာဝန်ယူတဲ့ အနေနဲ့၊ တာဝန်ယူဖို့အတွက် အုပ်ချုပ်ရေး ယန္တရား ထူထောင်တာ။ အစိုးရဟောင်းရဲ့ ယန္တရားကို အစားထိုးတာပေါ့၊ ဒါကတော့ သူတို့က စင်ပြိုင်အစိုးရဖွဲ့တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ သူတို့ လုပ်လေ့လုပ်ထရှိတဲ့ သွားရမဲ့ လမ်းစဉ်ပဲလေ။ ဒါက တော့ မဆန်းဘူးလို့ ပြောရမှာပေါ့”ဟု ပြောသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဒေသများတွင် ထိုသို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားထူထောင်ခြင်းများရှိပြီး စစ်ရေး အရ အနိုင်ရရှိမှုအပေါ် ဖွဲ့စည်းမှုများ ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

ဦးရဲထွန်းက “သူတို့ နိုင်သလောက် သူတို့လုပ်တာပေါ့၊ တစ်ပြည်လုံးနိုင်ရင် တစ်ပြည်လုံး သူတို့ အုပ်ချုပ်မှာပေါ့။ ဒီကြားထဲမှာ ဘာလုပ်မလဲ၊ အဲဒီတော့ စစ်ရေးအရ အရေးကြီးတာက စစ်ရေးအရ အနိုင်ရဖို့ပဲ။ သူတို့ အဲဒီလို လုပ်ပြီးတဲ့အခါ တဆင့်တက် မယ်။ ရှေ့ဆက် ပြီးတော့ တိုးမယ်။ သူတို့ သိမ်းခဲ့တဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရားထူထောင်မယ်။ အရင် ယန္တရားဟောင်း ကို ဖျက်မယ်။ သူက တဖြေးဖြေး အဲဒီလိုသွားမှာ။ ဒီဘက်ကကျတော့၊ တဖြည်းဖြည်း အဲဒီလို ဖြစ်လာတဲ့ဟာကို ကာကွယ်ရ မှာ။ သူတို့ ထူထောင်မယ်ဆိုတဲ့ နေရာတွေကို မထူထောင်နိုင်အောင် တပ်ကနေပြီးတော့ ထိုးစစ်ဆင်မယ်။ အဲဒီဒေသတွေကို ပြန်ပြီးတော့ စိုးမိုးနိုင်အောင် ကြိုးစားမယ်။ ဒါအပြန်အလှန်ဖြစ်တော့ တိုက်ပွဲကတော့ နဂိုထက်တော့ ပိုပြီးပြင်းထန်လာမှာ ပေါ့” ဟု ပြောသည်။

အဆိုပါ မရာပြည်သူ့ညီလာခံတွင် မရာပဋိညာဉ် (Mara charter)ကို ဆွေးနွေးအတည်ပြုခြင်း၊ ကြားကာလ ဥပဒေပြုအဖွဲ့ အဖြစ် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MATC)ကို ဖွဲ့စည်းခြင်း၊ ကြားကာလ မရာအုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်တင်မြှောက် ခြင်း၊ ကြားကာလ တရားစီရင်ရေးအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်း၊ အထူးအကြံပေးအဖွဲ့ဝင်များကို ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မရာပြည်သူ့ညီလာခံကို အိန္ဒိယ- မြန်မာ နယ်စပ်တစ်နေရာတွင် ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပ ခဲ့ကြောင်း သိရသည်။